Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၈

====================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်အတွက် ဗလငါးတန်နှင့် ပြည့်စုံသော သားကောင်းရတနာ၊ သမီးကောင်းရတနာ၊ မျိုးဆက်သစ်များ ဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေး ရာတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အခြေခံသည့် အနုသုခုမပညာရပ်များသည် အခြေခံကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ သိမ့်မွေ့နက်နဲပြီး အဆင့်အတန်းမြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု များ တိမ်ကောပပျောက်မှုမရှိစေရေးအတွက် ရှေးမူမပျက် ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ် လူငယ်၊ မောင်မယ်များကြားတွင် မြတ်နိုးတန်ဖိုးထား လေးစားတတ်စေရန်အတွက် နိုင်ငံတော်အဆင့် ပြိုင်ပွဲ ကြီးတွင် ပဲခူးတိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၁၇)ခု၊ ကြေးတံဆိပ်(၁၁)ခု၊ နှစ်သိမ့်ဆု(၁)ခုနှင့် အထူးဆု(၃)ခု စုစုပေါင်း ဆုတံဆိပ်(၄၀)ခုရရှိခဲ့ကြောင်း၊ နောင်နှစ်များတွင် ုတံဆိပ်များ ပိုမိုတိုးတက်ရရှိစေရေးအတွက် လိုအပ်သည်ကို ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင်သင်ကြားပေးခြင်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ မတိမ်ကော မပပျောက်စေရန်နှင့် အဓွန့်ရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးကြစေလိုကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆု ရွှေတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ဒုတိယဆု ငွေတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် တတိယဆု၊ နှစ်သိမ့်ဆု၊ အထူးဆုနှင့် နည်းပြများအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ပထမ ရွှေတံဆိပ်ရရှိသူ များက သီဆို၊ ကပြ၊ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆုရ ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။