Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၆

==================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရခြင်း နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မူးယစ်တားဆီးရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

          ထို့နောက် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ဆုရရှိသူများအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ကိုလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်၊ မူလတန်းအဆင့် ဆုရရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများကလည်းကောင်း၊ အကဲဖြတ်ဒိုင်များအား သက်ဆိုင်ရာတာဝန် ရှိသူများကလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုအား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆုရကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးအသိပညာပေး ပြခန်းများနှင့် ဆုရကျောင်းသား/သူ များ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီတို့အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့အထိ အမှုပေါင်း (၂၃၃)မှု၊ တရားခံ(၃၇၄)ဦးနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး စုစုပေါင်းကျပ်သိန်းပေါင်း(၂၇၃၃၇)ကျော် ဖမ်းဆီး ရမီခဲ့သည့်အပြင် ထိန်းချုပ်ဓာတုဆေးဝါးပစ္စည်းတန်ဖိုး ကျပ်သိန်း(၈၀၀)ကျော်နှင့် ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း(၂၉၇၉)ကျော်ကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။