Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူးမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး မတ် ၃

          ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပြည်မြို့နယ်မှ တောင်သူ ဦးတင်ထွဋ်၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရ ရှိသည့် ပြည်မြို့နယ်မှ တောင်သူ ဦးတင်မောင်ဆန်း၊ သီးထပ်စွမ်းအားနှင့်သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ထူးချွန်ခရိုင်(ပထမဆု)ရရှိသည့် နတ္တလင်းခရိုင်၊ သီးထပ်စွမ်းအားနှင့်သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ထူးချွန်မြို့နယ်(ပထမဆု)ရရှိသည့် ကဝမြို့နယ်နှင့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲပြခန်း ပထမ ဆုရရှိသည့် ညောင်လေးပင်ခရိုင်တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများအား အသီးသီးချီးမြှင့် ပေးအပ် ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်း၊ ချည်မျှင်ရှည်ဝါနှင့် ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရ တောင်သူများ၊ သီးထပ်စွမ်းအားနှင့်သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် (ဒုတိယ၊ တတိယ)ဆုရရှိသည့် ထူးချွန်ခရိုင်/မြို့နယ်ဆုများ၊ အထူးဆုရရှိသည့်မြို့နယ်များ၊  (၆၄)နှစ် မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲ ပြခန်း ဒုတိယဆုရရှိသည့် ပြည်ခရိုင်၊ တတိယဆုရရှိသည့် ပဲခူးခရိုင်နှင့် ပြခန်းအထူးဆုရရှိသည့် ခရိုင်များနှင့် ဌာနဆိုင်ရာများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် နတ်တလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက သဘာဝရွက်ဖြန်းမြေဩဇာ ပြုလုပ်အသုံးပြုပုံကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် သီးနှံအထွက်နှုန်းအမြင့်ဆုံးရရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများက မိမိတို့၏ စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံများအား အသီးသီး ရှင်းလင်းပြောကြားခဲ့ပြီး သီးနှံစံပြစိုက်ခင်းများ၊ စားဖိုဆောင်သီးနှံစိုက်ခင်းများနှင့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လာကြသူများကို စတုဒီသာကျွေးမွေးနေမှုအား ကြည့်ရှု့အားပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၆၄)နှစ်မြောက် တောင်သူလယ်သမား နေ့ အခမ်းအနားသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊ နှမ်း ကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့လုပ်ငန်းရှင်များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ထူးချွန်ဆုရတောင်သူများ၊ ခရိုင်(၆)ခုမှ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား/သူများ ၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူများ စုစုပေါင်း(၁၈၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။