Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့်ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းပြုလုပ်ခဲ့

ပဲခူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့်ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းပြုလုပ်ခဲ့

ပဲခူး ဇန်နဝါရီ ၁၃

===========================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ဂုဏ်ပြုယာဉ်ဒုတိယဆုရရှိခဲ့မှုအပေါ် ပါဝင်ဆောင်ရွက်ခဲ့ သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ဂုဏ်ပြုယာဉ်ဒုတိယဆုရရှိခဲ့မှုအပေါ် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ နှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့်ပုဂ္ဂိုလ်များအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုယာဉ်အတွက် မြန်မာမှုအနုပညာရှင် များ၊ ကပြဖျော်ဖြေခဲ့သည့် တောင်ငူပညာရေးကောလိပ်မှ ဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းများကို လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာစံ၏ နယ်ချဲ့တော်လှန်ရေးစည်းရုံးမှု သရုပ်ဖော် တင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအတွက် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက အုပ်ချုပ်သူ၊ ပညာရှင်နှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီခဲ့သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအတွက် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ဖျော်ဖြေခဲ့ သည့် အကအဖွဲ့များက အသီးသီးဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြရာ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က အမှတ်တရ ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ပါဝင် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဗီဒီယိုအား ကြည့်ရှုခဲ့ကြပြီး နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြ သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တောင်ငူပညာရေးကောလိပ်မှ အကအဖွဲ့၊ ပျူယဉ်ကျေးမှုအကအဖွဲ့နှင့် ဆရာစံ၏ နယ်ချဲ့တော်လှန်ရေးစည်းရုံးမှု သရုပ်ဖော်အဖွဲ့တို့အား ငွေကျပ်သိန်း (၅၀)ထောက်ပံ့ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။