Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲ/ပြိုင်ပွဲနှင့် MSMEs ဒေသ ထုတ်ကုန် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ပဲခူးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲ/ပြိုင်ပွဲနှင့် MSMEs ဒေသ ထုတ်ကုန် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၁

=================

          ပဲခူးမြို့၊ ရွှေမော်ဓောစေတီ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားကွင်းအတွင်း၌ ဖေဖော်ဝါရီလ(၁၀)ရက် နေ့၊ ညနေပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဲခူးမြို့၌၊ သစ်သီးဝလံပန်းမန်ပြပွဲ/ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တာဝန်ရှိသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲ/ပြိုင်ပွဲနှင့် MSMEs ဒေသ ထုတ်ကုန် ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖွင့်ပွဲအခမ်းအနား၌ လာရောက်ကပြဖျော်ဖြေပေးသည့် ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ခရိုင်(၆)ခုမှ ထွက်ရှိသည့် သစ်သီး ဝလံပန်းမံများအား ခရိုင်ပြခန်းများအလိုက် ခင်းကျင်းပြသထားရှိမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အလိုက် ထွက်ရှိသည့် လူသုံးကုန်၊ စားသုံးကုန်၊ အသေးစား စက်မှု/လက်မှုထုတ်ကုန် အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဒေသ ထွက်ကုန်တစ်ခုချင်းအလိုက် ထုတ်ပိုးမှုစနစ်ထပ်မံအဆင့်မြှင့်တင်နိုင်ရေး၊ ရေရှည်စားသုံးနိုင်ရေး နည်းပညာ ပေးရန်နှင့် သီးခြားလိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပညာရေးဆိုင်ရာ သင်ကြားမှုပြခန်း၊ သတင်း ပြန်ကြားရေးနှင့် Mobile Library (ရွှေ့လျားစာကြည့်တိုက်)ပြခန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ပြခန်း၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးပြခန်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံ ပန်းမန်ပြခန်း(၆)ခန်း၊ MSMEs ဒေသထုတ်ကုန်ပြခန်း(၃၆)ခန်း၌ ဒေသထွက်ကုန်မျိုးစုံ(၃၀၀)ကျော်၊ ဌာန ဆိုင်ရာ အသိပညာပေးပြခန်း(၇)ခန်းတို့အား ခင်းကျင်းပြသထားလျက်ရှိပြီး ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ် များ၊ အပျော်စီးသင်္ဘောများ၊ ဈေးဝယ်သူများဖြင့် စည်းကားလျက်ရှိကြောင်းပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။