Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၅

===================

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးသတ်တပ်ဖွဲ့သည် နိုင်ငံ၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိပြီး မည်သို့သော အခြေအနေမျိုးတွင် မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့်အညီ စွန့်လွှတ်စွန့်စားစွာ စွမ်းစွမ်း တမံ သယ်ပိုးဆောင်ရွက်သော ပြည်သူ့အကျိုးပြုတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် မီးဘေး အပြင် အခြားသော ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်နေသည့် တပ်ဖွဲ့တစ်ခုသည်နှင့်အညီ စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံကောင်းမွန်မှုနှင့် ကျစ်လစ်ခိုင်မာသည့် တပ်တွင်းစည်းလုံးညီညွတ်မှုများ ရှိရန်လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် တိုးတက်ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့ မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး ကြိုးစားဆောင် ရွက်စေလိုကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၃ခုနှစ်၊ တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် စံပြမီးသတ်စခန်းဆုရရှိသည့် ပြည်ခရိုင်မီးသတ်စခန်း တို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ဗဟိုအဆင့် အမြန်လမ်းစံပြမီးသတ်စခန်း တတိယဆုနှင့် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်မှ ၂၀၂၂ခုနှစ်အတွင်း မီးလောင်မှုတန်ဖိုး အနည်းဆုံးခရိုင်နှင့် ဗဟိုမီးသတ် သင်တန်းကျောင်းတွင် သင်တန်းသားထူးချွန်ဆုရရှိသူတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းမှ ဗဟိုမီးသတ်သင်တန်းကျောင်းတွင် သင်တန်း သားထူးချွန်ဆု ရရှိသူများနှင့် လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် ပြခင်းအတွင်း ခင်းကျင်းပြသထားသည့် မီးငြိမ်းသတ်ရေးအထောက် ကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များမှ ဂတ်အိုး(စ်)မီးလောင်မှု မီးငြိမ်းသတ်ခြင်း၊ ဆီမီးလောင်မှု မီးငြိမ်းသတ်ခြင်း၊ HNE ကို အသုံးပြု၍ ဆိုင်ကယ်မီးလောင်မှု မီးငြိမ်းသတ်ခြင်း၊ အထပ်မြင့်အဆောက်အဦ ရှာဖွေကယ်ဆယ်ရေး ကြိုးဆင်း/ကြိုးတက် သရုပ်ပြသခြင်း၊ ငလျင်လှုပ်ခတ်မှုဖြစ်စဉ်တွင် ပိုလန်နိုင်ငံထုတ် Hydraulic Platform & Vehicle Heavy Lifting Vehicle အသုံးပြု၍ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးခြင်းတို့အား သရုပ်ပြသကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြပြီး မီးသတ်သရုပ်ပြသသည့် တပ်ဖွဲ့ ဝင်များနှင့် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် မိသားစုဝင်တို့အား ဝန်ကြီးချုပ်နှင့်ဇနီးမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။