Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၅

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးသတ်တပ်ဖွဲ့သည် နိုင်ငံ၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိပြီး မည်သို့သော အခြေအနေမျိုးတွင် မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့်အညီ စွန့်လွှတ်စွန့်စားစွာ စွမ်းစွမ်း တမံ သယ်ပိုးဆောင်ရွက်သော ပြည်သူ့အကျိုးပြုတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် မီးဘေးအပြင် အခြားသော ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်နေသည့် တပ်ဖွဲ့တစ်ခုသည်နှင့်အညီ စည်းကမ်း ကောင်းမွန်မှု၊ အမိန့်နာခံကောင်းမွန်မှုနှင့်တို့အတူ တိုးတက်ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့ မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စံပြမီးသတ်စခန်းဆုရရှိသည့် သာယာဝတီ မြို့နယ် မီးသတ်စခန်း၊ ဗဟိုအဆင့် အမြန်လမ်းစံပြမီးသတ်စခန်းဆုရရှိသည့် မီးသတ်စခန်းများနှင့် တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲ ပထမဆုရရှိသူတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်း ကောင်း၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲ ပထမဆုရရှိသူတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်း ကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်မှ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ၂၀၂၃ခုနှစ်အတွင်း မီးလောင်မှုနှင့် ဆုံးရှုံးမှုတန်ဖိုးအနည်းဆုံးခရိုင်၊ သင်တန်းကျောင်းတွင် သင်တန်းသားထူးချွန်ဆုရရှိသူနှင့် လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြု Video Clip အား ကြည့်ရှုခဲ့ကြပြီး ဆုရမီးသတ်တပ်ဖွဲ့ ဝင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များမှ အသက်ကယ်ကြိုးချည်နည်း သရုပ်ပြသခြင်း၊ ယာဉ်မတော်တဆ တိုက်မိမှုကြောင့် မီးလောင်မှုအား မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ အရေးပေါ် ဆေးအကာကွယ်ပေးခြင်း၊  ဂတ်အိုး(စ်)မီးလောင်မှု မီးငြိမ်းသတ်ခြင်း၊ ဆီသိုလှောင်ကန်မီးလောင်မှုအား အမြှုပ်ဆေးရည်(FOAM) အသုံးပြု၍ မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း၊  မီးသတ်ယာဉ်များ၏ စက်စွမ်းအားဖြင့်အသုံးပြု၍ ရေကန့်လန့်ကာပုံစံ ရေပက်ဖျန်းသရုပ်ပြသခြင်းများအား ရှင်းလင်းသရုပ်ပြသခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြပြီး မီးသတ် သရုပ်ပြသသည့် တပ်ဖွဲ့ဝင်များနှင့် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တို့အား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူပေးထား သည့် မီးသတ်အထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။