Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ Nissan Sunny အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိသည့် Tan Choung Motor Myanmar စက်ရုံသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူးမြို့၌ Nissan Sunny အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိသည့် Tan Choung Motor Myanmar စက်ရုံသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူး နိုဝင်ဘာ ၁၆

====================

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် နိုဝင်ဘာ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ Nissan Sunny အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိသည့် Tan Choung Motor Myanmar စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ Tan Choung Motor Myanmar အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက စက်ရုံလည်ပတ်မှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်မှု၊ အလုပ်ရှင်အလုပ်သမားပြဿနာ ကင်းရှင်းမှု၊ ရင်းနှီးမြှုပ်နှံရန် မြေနေရာများလွယ်ကူစွာရရှိနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့နိုင်ရေးအားပေးနေမှုနှင့် နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှုစသည့် အခွင့်အလမ်းကောင်းများအား သတင်းစကားပေး၍ အဆွေတော်တို့၏ မိတ်ဖက် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ ဖိတ်ခေါ်စေလိုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာ လုပ်ငန်းများ၊ လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်စေလိုကြောင်း၊ မိမိ တို့အစိုးရအဖွဲ့မှ လိုအပ်သည်များဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ် ရေးထိုးခဲ့ပြီး စက်ရုံအတွင်း မော်တော်ကားတပ်ဆင်ထုတ်လုပ်မှု အဆင့်ဆင့်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

          ယက်နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စုသို့ ရောက်ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆားငံဒဏ်ခံ(ဆင်းသွယ်လတ်) မျိုးစေ့ထုတ် မိုးစပါး စံပြစိုက်ခင်း(၇.၆၀)ဧက ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးမြစ်ရေနှင့် စစ်တောင်းတူးမြောင်းရှိ ရေများအား စိုက်ပျိုးရေးအတွက် အကျိုးရှိရှိ အသုံးပြုနိုင်စေရေး၊ အဆင့်မြင့် လယ်ယာဧကကွက်များ ဖော်ထုတ်နိုင်ရေး၊ ကုန်ထုတ်လမ်းနှင့် ရေသွင်းမြောင်းများ တစ်ပါတည်း ထည့်သွင်းတည်ဆောက်ရန်၊ Drum Seeder အသုံးပြု၍ အစေ့ချစနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး နိုင်ရေး အသိပညာပေးရန်နှင့် မြေလပ်မရှိစိုက်ပျိုးနိုင်ရေးအတွက် စပါးစိုက်ပျိုး၍မရသော နေရာများတွင် ဈေးကွက်ဝင် အုန်းပင်များ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ စိန်သာလျောင်းရုပ်ပွားတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး ဘုရားအဝင်လမ်းအား အရှေ့ဘက်မုခ်ဦးထိပ်ထိ ကွန်ကရစ် လမ်းခင်းပေးရန်နှင့် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။