Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၀

==============

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံတွင် ဧပြီလ(၁၀)ရက်နေ့ ညနေပိုင်းအချိန်က ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓပူဇနိယပွဲတော်အဖွင့် အောင်ဂါထာဖြင့်ပူဇော်ကာ  သမ္မာဒေဝနတ်များ ပင့်ဖိတ်ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များက ဩဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလနှင့် ဩဝါဒကထာနာယူပြီး ဆရာတော်များချီးမြှင့်သည့် ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

         ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပြီး ပွဲတော်ကျင်းပရေး နာယက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ မီးခလုတ်နှိပ်၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား မီးစတင်ပူဇော်ခဲ့ကာ ဂေါပကအဖွဲ့မှ သမ္မာဒေဝနတ်များအား ပြန်လည်ပို့သခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် လူမှုရေးရာဝန်ကြီး ဦးအောင်မင်းတို့မှ ဆုတောင်းပြည့် ရွှေမော်ဓောစေတီ တော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

             ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဧပြီလ(၁၀)ရက်နေ့မှ ဧပြီလ(၁၉)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး တန်ခူးလဆန်း(၁၄)ရက်၊ ဧပြီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် အနေကဇာ တင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ တန်ခူးလပြည့်နေ့၊ ဧပြီလ(၁၅)ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဆွမ်းတော်ကြီးတင် လှူပူဇော်ခြင်းနှင့် ညနေပိုင်းအချိန်တွင် ဘုရားအမှူးပြုသော သံဃာတော် အပါး(၅၀၀)အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အများပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်း လှူပူဇော်ခြင်းများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တန်ခူးလပြည့်ကျော် (၅)ရက်၊ ဧပြီလ(၂၀)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။