Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ပြည်သူ့ဆေးရုံးကြီး၌ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် COVID-19 ရောဂါ ကုသရေးစင်တာများရှိ ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

ပဲခူးမြို့ ပြည်သူ့ဆေးရုံးကြီး၌ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် COVID-19 ရောဂါ ကုသရေးစင်တာများရှိ ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

ပဲခူး ဇူလိုင် ၁၄

====================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၄) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွာရောက်၍ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက် ကုန်များ သွာရောက်ထောက်ပံ့၍ အားပေးစကား ပြောကြားခဲ့သည်။

          ရှေးဦးစွာ ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်ဆဲ Liquid Oxygen Plant အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာချုပ်ချုပ်ဆို တည်ဆောက်သည့် ကုမ္ပဏီနှင့်အမြန်ဆုံးချိတ်ဆက်၍   ပြည်သူများအတွက်အမြန်ဆုံး အောက်စီဂျင် လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ကြိုတင်မှာယူတင်သွင်း သယ်ယူနိုင်ရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်မှ ဆေးရုံ၌ COVID-19 ရောဂါ ကုသပေးနေမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေးစင်တာများတွင် Oxygen ပြတ်လပ်မှုမရှိစေရေး အခြား ပြည်နယ်/တိုင်းဒေသကြီးများနှင့် ချိတ်ဆက် သယ်ဆောင်ခြင်း၊ Oxygen Plant ဝယ်ယူခြင်းများ အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဇူလိုင်လအတွင်း မိမိတို့တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အောက်စီဂျင်အိုး အလုံး(၅၅၀) ဝယ်ယူထောက်ပံ့ ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်သလို ဒုတိယအကြိမ်အနေဖြင့် အောက်စီဂျင်အိုး အလုံးရေ (၄၀၀)အား မှာယူထားပြီးဖြစ်ကြောင်း၊ COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ကျန်းမာရေး ဝန်ထမ်းများသည် အဓိကရှေ့တန်း တိုက်စစ်မှူးများဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းစိတ်ဓါတ်ဖြင့် တာဝန်သိသိ ထမ်းဆောင်ပေးနေမှုအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ပဲခူးဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား ထပ်မံထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံ၌ တာဝန်ထမ်းဆောင် နေသည့် ကျန်းမာရေးဝန်ထမ်းများ အတွက် ဆန်(၁၀)အိတ်၊ ဆီငါးပိဿာ(၅)ပုံး၊ ကြက်ဥ(၃၅)ကတ်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်များနှင့် ငွေကျပ်(၁၅)သိန်း ထောက်ပံ့ ပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ GTI ကျောင်း၌ တည်ဆောက်ပြီးစီးသည့် လူနာ(၈၈၀)ဦးဆံ့ COVID-19 ရောဂါကုသရေး ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ တာဝန်ခံ ဆရာဝန် နှင့် ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ အား  မြို့နယ်(၂၈)မြို့နယ်တွင် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်စေရေးနှင့် အပြင်ထွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။