Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန် များ သွားရောက်ထောက်ပံ့

ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန် များ သွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၁၀

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ် ခဲ့သော ရပ်ကွက်များတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်း များ၏ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အခြေခံစားသုံးကုန်များနှင့် သီးခြား လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးတို့သည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဆုတောင်းပြည့်တော်ကြီး ကျောင်းတိုက်၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ ဒေသခံပြည်သူများအား အားပေးစကား ပြောကြားခဲ့ပြီး အခြေခံစားသုံးကုန် ဆန်၊ ဆီ၊ ကြက်ဥ/ဘဲဥ၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဝင်ရောက်သည့် ကျောက်ကြီးစုရပ်ကွက်အတွင်း စက်လှေများဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများသွားလာရ လွယ်ကူစေရေး စက်လှေများဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ရေးနှင့် အိမ်အရောက် ထမင်းထုပ်များ အခမဲ့ဖြန့်ဝေ ပေးနိုင်ရေး စိစဉ်ဆောင်ရွက် ပေးခဲ့ကာ ပဲခူးမြစ်ရေကြီးမှုအား ပဲခူးမြစ်ကူးတံတားပေါ်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုညကုသလမြချမ်းသာဆွမ်းလောင်းဓမ္ဗာရုံ၌ ရေဘေးသင့်ပြည်သူများအတွက် ထမင်းထုပ်များ စီစဉ်ဆောင်ရွက်နေမှု၊ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ အထက(ခွဲ)ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ပညာမွန်ဘုန်းတော်ကြီးကျောင်းတို့၌ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေးခစန်းများသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး အခြေခံစားသုံးကုန် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကာ ပဲခူးမြို့အတွင်း ရေများအမြန်ဆုံး ပြန်လည်ကျဆင်းစေရေး၊ ယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ လျှပ်စစ်မီး အန္တရာယ်ကင်းရှင်းရေး၊ ကယ်ဆယ်ရေးအတွက် လူအသင့်စုဖွဲ့ထားရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး၊ စာသင်ကျောင်းများ ရေဝင်ရောက်မှုအမြန်ဆုံး ပြန်လည်ကျဆင်းစေရေး၊ လယ်မြေများ ထိခိုက်/ပျက်ဆီးမှုလျော့နည်းစေရေး၊ ရေဝင်ရောက်သည့် ရပ်ကွက်များအတွင်း လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကယ်ဆယ်ရေးစခန်းများ၌ ချက်ပြုတ်ကျွေးမွေး နိုင်ရေး အခြေခံစားသောက်ကုန်များ ဆန်၊ ဆီ၊ ဥ၊ ငါး အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆီးပေးခြင်းနှင့် အခင်းအကာအတွက် တာပေါ်လင်လိပ်များ ပေးအပ်ခဲ့သည်။

          ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ(၈)ရက်နေ့၊ ညပိုင်းမှစ၍ ပဲခူးမြို့နယ် အတွင်း ရပ်ကွက်(၁၁)ခု ကျေးရွာ(၆)ရွာ၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၂၉)ခုအား ဖွင့်လှစ်ထားရှိပြီး အိမ်ခြေ(၂၈၄၈)၊ အိမ်ထောင်စု(၂၉၇၃)၊ လူဦးရေ(၁၂၄၆၁)ဦးအား ကျန်းမာရေးနှင့် စားသောက်နေထိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အခက်အခဲမရှိ စောင့်ရှောက်ပေး ထားလျက်ရှိပြီး ပဲခူးမြစ်ရေသည် ပဲခူးမြို၏ စိုးရိမ်ရေမှတ် (၈၈၀)စင်တီမီတာအား ကျော်လွန်ပြီး ဩဂုတ်လ(၁၀)ရက်နေ့ မွန်းလွဲပိုင်းထိ ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် (၆၈)စင်တီမီတာ ကျော်လွန် ရောက်ရှိလျက်ရှိကြောင်း သတင်းရရှိသည်။