Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပထမအကြိမ်) ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပထမအကြိမ်) ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၀

============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပထမအကြိမ်) ဆေးပဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၀) ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ရှိ (အရိယာဝါသ)မြင်းကျားတန်ဆောင်းတော်ကြီး၌ ကျင်းပပြုလုပ်သည်။

     အခမ်းအနားသို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဆေးပဌာန်းရွတ်ဖတ် ပူဇော်ကြမည့် ဆရာတော်၊ သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြသည်။

          ထို့နောက် (ပဋ္ဌာနဘာဏက)ရွှေကူကျောင်း ဆရာတော်ဘဒ္ဒန္တဉာဏိဿရမှ ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်၍ ‌ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကဦးဟန်ညွှန့်မှ ပဋ္ဌာန်းတရားနာကြား ရန် သမ္မာဒေဝနတ်ဗြဟ္မာများအား ဖိတ်ကြားကာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ကြခတ်ဝိုင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ‌ဉေယျဓမ္မာဘိဝံသမဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော အခမ်းအနားတက်ရောက်လာသူအပေါင်းက ငါးပါးသီလခံယူ ဆောက်တည်ပြီး ဩဝါဒကထာနာယူကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ပဋ္ဌာနဘာဏက ရတနာပုံဘုရားကြီးကျောင်းတိုက် ဘဒ္ဒန္တဣန္ဒောဘာသ ဆရာတော်မှ ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ် ပူဇော်မည့်အကြောင်း ဥယျောဇဉ်ဂါထာဖြင့် ဖတ်ကြားလျှောက်ထားပြီး သံဃာတော်အရှင်သူမြတ်များမှ ပဋ္ဌာန်း(ပစ္စယု‌ဒ္ဒေသ)ပါဠိ တော် ကို (၃)ခေါက်ရွတ်ဆို၍ ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှု စတင်ဖွင့်လှစ်ကြသည်။

          အဆိုပါ (ပထမအကြိမ်) ဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဩဝါဒစရိယဆရာတော်ကြီးများကြီးမှူး၍ ဇန်နဝါရီလ(၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ (၇)ရက် တိုင်တိုင် ဆရာတော်၊ သံဃာတော်အပါး (၃၀)မှ အလှည့်ကျရွတ်ဖတ် ပူဇော်လှူဒါန်းသွားမည်ဖြစ်ပြီး ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား၌ ပဲခူးမြို့တွင်း ဩဝါဒဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့ ဆရာတော်များ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သည့် ဆရာတော်များ၊ အမှုဆောင်အဖွဲ့ သီလရှင်ဆရာကြီးများ၊ (၅၀)ပါးအထက်ရှိ ဘုန်းတော်ကြီးစာသင်တိုက်များနှင့် သီလရှင် စာသင်တိုက်များအား ဆေးဝါးပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဟင်္သာကုန်း စေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဓါတ်လှေကား တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။