Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရှိ ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအလှူ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရှိ ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအလှူ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး သြဂုတ် ၂၁

===========

  ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်မုခ် အာရုံခံတန်ဆောင်း တော်ကြီးတွင် သြဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအား အလှူရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိ သူများ၊ ဂေါပက အဖွဲ့များနှင့် အလှူရှင်များက ရွှေမော်ဓော်စေတီတော်မြတ်ကြီး မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း ယာယီသီတင်းသုံး ကိန်းဝပ်စံပါယ် တော်မူနေသည့် ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ် ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံသာများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ကြသည်။

ထို့နောက် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းလှူတန်းခြင်း ရေစက်ချင်္ဂလာအခမ်းအနား ကျင်းပပြု လုပ်ရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော် အရှင်သူမြတ်များမှ ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်ကြသည်။

ယင်းနောက် ဝန်ကြီးချုပ်အမှူးပြုသော အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များနှင့် အလှူရှင်များက သြဝါဒါစရိယ ကိုးသိန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်တော်မူကြပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြသည်။

        ထို့နောက် ဝန်ကြီးချုပ်အမှူးပြုသော အစိုးရအဖွဲ့တာဝန်ရှိသူများမှ သြဝါဒါစရိယ ဆရာတော်ကြီးများအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း ယာယီသီတင်းသုံး ကိန်းဝပ်စံပါယ်တော်မူနေသည့် ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား အမြဲတမ်း သီတင်းသုံးကိန်းဝပ် စံပါယ်တော်မူမည့် ရွှေမော်ဓောစေတီတော်မြတ် ကြီး၏ အထက်ပစ္စယံရှိ မူလစံကျောင်း ယက္ခမယ်တော်တန်ဆောင်းအတွင်း ပြန်လည်ပင့်ဆောင် ပူဇော်ထားရှိခဲ့ကြကြောင်း သတင်းရရှိသည်။