ပဲခူး အောက်တိုဘာ ၁၇
ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ (၁၇)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။
သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်းပေါင်း(၃၆၅)ကျောင်းမှ သံဃာတော်(၂၉၆၇)ပါးတို့မှ (၁၀၃၃)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်း ကျောင်းတိုက်သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၂၀၅)သံဃာတော်အပါး(၁၃၂၉)ပါးမှ (၁၆၁)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီသိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၈)ကျောင်းမှ သံဃာတော်(၄၄၁)ပါးတို့မှ (၁၄၃)ကြိမ် မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်းတိုက်သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်း တိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ မဟာဒွါရဂိုဏ်းဝင် ကျောင်းပေါင်း(၁၃)ကျောင်းမှ သံဃာတော်(၈၅)ပါး တို့မှ (၄)ကြိမ်မြောက် ပဝါရဏာပြုပွဲကို သက်ဆိုင်ရာဂိုဏ်းဝင် ဆရာတော်များမှ နေရာခွဲ၍ ပဝါရဏာပြုတော်မူကြကြောင်း သိရသည်။
သံဃမဟာပဝါရဏာပြုတော်မူကြသည့် ရဟန်း၊သံဃာများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး၊ ရွှေသောလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီး စသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတို့တွင် ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိ ကြောင်း သတင်းရရှိသည်။