ပဲခူး အောက်တိုဘာ ၇
ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓော ဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီ သိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။
သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်းပေါင်း(၃၆၇)ကျောင်းမှ သံဃာတော် (၂၉၅၁)ပါးတို့မှ (၁၀၃၄)ကြိမ်မြောက်ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်ကြီး တွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၂၄၃) သံဃာတော်အပါး(၁၉၃၃)ပါးမှ (၁၆၂)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီ သိမ်တော်ကြီးတွင်သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၈)ကျောင်းမှ သံဃာတော်(၄၂၄)ပါးတို့မှ (၁၄၄)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်းတိုက်သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ မဟာဒွါရ ဂိုဏ်းဝင် ကျောင်းပေါင်း(၁၃)ကျောင်းမှ သံဃာတော်(၆၁)ပါးတို့မှ (၅)ကြိမ်မြောက် ပဝါရဏာပြုပွဲကို သက်ဆိုင်ရာဂိုဏ်းဝင် ဆရာတော်များမှ နေရာခွဲ၍ ပဝါရဏာပြုတော်မူကြကြောင်း သိရသည်။
သံဃမဟာပဝါရဏာပြုတော်မူကြသည့် ရဟန်း၊သံဃာများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော် မြတ်ကြီး၊ ရွှေသောလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင် ဘုရား စေတီများတို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကားသိုက်မြိုက်လျက် ရှိကြောင်း သတင်းရရှိသည်။