Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်ခရိုင်မြို့နယ် စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပြည်ခရိုင်မြို့နယ် စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပြည် စက်တင်ဘာ ၂၂

==============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာ(၂၁)ရက်နေ့၊ နံနက် ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လစဉ်(၂၁)နေ့ရောက်တိုင်း အငြိမ်းစား နိုင်ငံ့ဝန်ထမ်းအား ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှု၊ ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးမှုများအား  သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

                ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့် ဖြန့်ဖြူး ပေးထားသည့် တောင်သူ ဦးဝင်းလှိုင်၏ ဗီယက်နမ်စပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အနောက်လက်ခုပ်ပင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်ဝင်း၏ ဗီယက်နမ်မြေပဲ မျိုးစေ့ထုတ် စိုက်ခင်း ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တစ်ဧကလျှင် မြေပဲတင်း(၁၀၀.၈၂)တင်း ထွက်ရှိခဲ့ကြောင်း အဆိုပါ အထွက်နှုန်းကောင်း ဗီယက်နမ်းစပါးနှင့် ဗီယက်နမ် မြေပဲတို့သည် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိကာ စျေးကွက်ခိုင်မာမှုရှိပြီး ထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများအား မြို့နယ်အလိုက် စိုက်ဧကဖူလုံမှုရှိစေရေး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ နဝဒေး သကြားစက်ဝန်းအတွင်းရှိ တစ်ဧကလျှင် တန်(၅၀)ကျော် ထွက်ရှိသည့် အထွက်တိုး ပျဉ်းမနား(၉) ကြံသီးနှံတစ်သျှူးမျိုးပွါးစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး ဒေသတွင်း အထွက်နှုန်းကောင်းသော ကြံသီးနှံများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားနိုင်ရေး အချိန်တိုအတွင်း ဖြန့်ဝေပေးရန်၊ ဒုတိယလမိုင်းနှင့် တတိယအကြိမ် လမက် ကြံသီးနှံများ အထွက်တိုးစေရေး သွင်းအားစုသုံးစွဲခြင်းနှင့် ရေသွင်းစိုက်ပျိုးခြင်းနည်းစနစ်များ အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊မြရွာကျေးရွာအနီး ဧရာဝတီမြစ်ဘေး Jetty(ဆိပ်ခံဘောတံတား) တည်ဆောက်မည့်နေရာနှင့် လမ်းအူကြောင်းရှာဖွေထားရှိမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြည်မြို့အား မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးနှင့် (ဧရာဝတီမြစ်) စစ္စရံ-ပြည်ရေလမ်း (ရွှေဘုံသာရေလမ်း) ကောင်းမွန် စေရေး ရေထိန်းရေကာပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

               ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ခေတ္တရာစက်မှုဇုန်ရှိ Hight Power စပါး/ပဲအမျိုးမျိုး ခြွေလှေ့စက်ထုတ်လုပ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး တောင်သူများ အတွက် တန်ဖိုးသင့်ကောက်စိုက်စက်များ ထုတ်လုပ်သွားနိုင်ရေးနှင့် ဘက်စုံသုံးလယ်ယာ သုံးစက်ကိရိယာ များ တိုးချဲ့ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်တက်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချယ်ရီစားသောက်ကုန်လုပ်ငန်းရှိ စားဖိုဆောင်သုံး ဟင်းခတ် အမွှေးအကြိုင် အမှုန့်မျိုးစုံထုတ်လုပ်ရေး အလုပ်ရုံသို့သွားရောက်ခဲ့ပြီး ဘေးကင်းလုံခြုံသော အစားအသောက် များ ဖြစ်စေရေးနှင့် ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ လွင်သံရည်ကျို စက်မှုလက်မှုလုပ်ငန်းသို့ ထပ်မံကြည့်ရှုစစ်ဆေးခဲ့ပြီး သံ/သတ္တု အရည်ကျို အဆင့်မြှင့်တင်ခြင်း နည်းပညာပေးသင်တန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။