Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဩဂုတ် ၂၅

=============

          ဩဂုတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်စျေး အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးရုံများပြန်လည်အဆင့်မြှင့်တင်နိုင်ရေးနှင့် ဈေးအတွင်းကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရောင်းချရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၈၅.၃၇)သန်းဖြင့် ကြာနီကန်လမ်းဘေးဝဲ/ယာ အုတ်ရေမြောင်း ဆောက် လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် စံချိန်စံညွှန်းနှင့်ညီ သတ်မှတ်အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

     ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာ၊ တောင်သူဦးဌေးအောင်၏ တိုင်းရင်းကြက် ကောင်ရေ(၁၀၀၀)နှင့် အသားတိုးကြက် ကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး တိရစ္ဆာန်ရောဂါ ကူးစက်မှုမရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် ဇယ်မကျေးရွာအုပ်စု၊ တောင်သူ ဒေါ်တင်မိုးသိန်း၏ မှော်ဘီ-၂ မျိုးစေ့ထုတ် စံပြကွက် (၇.၁၂)ဧက၌ ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုပေါင်းကြဲပက်နေမှုအား ကြည့်ရှု အားပေးခဲ့ပြီး သဘာဝမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် အစိုးရအဖွဲ့မှ ဖြန့်ဝေပေးမည့် ဓါတ်မြေဩဇာများ တောင်သူများလက်ဝယ် အမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ်(၁၁၂)သန်းဖြင့် ပြည်ကမ်းနား လမ်းနံရံ အမြင့်(၁၅)ပေ၊ အလျား(၂၀၀)ပေ တည်ဆောက်နေခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန်နှင့် ကမ်းနားလမ်းတစ်လျောက် သန့်ရှင်းသာယာ လှပစေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကာ ဆေးရုံကြီး၌ အချိန်ပြည့်(၂၄)နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။