Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်ခရိုင်အတွင်း  (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနားနှင့် ကျေးလက်မီးလင်းရေးအခမ်းအနားဖွင့်ပွဲများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပြည်ခရိုင်အတွင်း  (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနားနှင့် ကျေးလက်မီးလင်းရေးအခမ်းအနားဖွင့်ပွဲများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပေါက်ခေါင်း မတ် ၂၈

=================

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းအချိန်က  ပြည်ခရိုင်အတွင်း (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနားနှင့် ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့သို့ ရောက်ရှိခဲ့ပြီး ပေါက်ခေါင်းမြို့နယ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစန်းလွင်တို့က အမှာစကားပြောကြားကြပြီး တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးခင်မောင်လွင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် ပေါက်ခေါင်းမြို့နယ် ဥပဒေရုံး အဆောက်အဦသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစန်းလွင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ် ဥပဒေရုံးဆိုင်းဘုတ်အား အမွှေနံ့သာရည်များပက်ဖြန်းကာ ဥပဒေရုံး အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါပေါက်ခေါင်းမြို့နယ်ဥပဒေရုံးအဆောက်အဦသစ်သည် အလျား(၃၆)ပေ၊ အနံ(၂၅)ပေ၊ အမြင့်(၁၂)ပေ၊ RCတစ်ထပ် အဆောက်အဦအမျိုးအစားဖြစ်ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်  ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ကျွဲပေါင်ပင်ကျေးရွာ၌ ဆိုလာရေတင်စနစ်ဖြင့် နွေစပါးနှင့် စားဖိုဆောင်သုံး(ဟင်းသီးဟင်းရွက်)စိုက်ခင်းအား သွားရောက် ကြည့်ရှုခဲ့ပြီး ၎င်းကျေးရွာဝန်းကျင်ရှိ လယ်မြေဧရိယာ (၁၁၀)ဧကအား ဆိုလာရေတင်စနစ်ဖြင့် နွေစပါး စိုက်ပျိုးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ်အဖြစ် ပြည်မြို့နယ်၊ ငှက်ပစ်တောင်ကျေးရွာ ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာအတွင်း မီးခလုပ်နှိပ်၍ လျှပ်စစ်မီးဖြန့်ဝေပေးခဲ့သည်။ အဆိုပါ ငှက်ပစ်တောင်ကျေးရွာ ကျေးလက်မီးလင်းရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေ ကျပ်(၃၂.၅၆၈)သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ သရေခေတ္တရာ မြို့ဟောင်းရှိ ရှေးဟောင်းသုတေသန ပြတိုက်သို့ သွားရောက်ခဲ့ပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပျူမြို့ဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအား ကြည့်ရှုလေ့လာခဲ့ ပြီးနောက် ဘုရားထောင်ဘုရားစေတီ ပြန်လည်ပြုပြင် မွန်းမံနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အမိုးအကာဖြင့်စနစ်တကျထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။