Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်ခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည်ခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် ဇန်နဝါရီ ၁၄
====================

ပြည်မြို့၊ သီရခေတ္တရာ၊ ရတနာမြို့တော်ခန်းမ၌ ဇန်နဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ(၁၅၉၅၇၆)ဦး ဆောင်ရွက် ပေးရမှာဖြစ်ကြောင်း၊ ယခု အခါပြည်ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တွင် ပန်းခင်းစီမံချက်လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ပန်းခင်းစီမံချက်အား ကိုဗစ်-၁၉ ရောဂါ မပြန့်ပွါးရေးအတွက် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကြားမှ (၇)လတာကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံသား တစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအား တစ်ယောက်မကျန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရမည်ဆို့သည့် ခံယူချက်ဖြင့် ဝန်ထမ်းများအားလုံး အားကြိုးမာန်တက် တက်ညီလက်ညီ ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ ပန်းခင်းစီမံချက် ပြီးစီးအောင်ဆောင်ရွက်ပြီး ဖြစ်ပေမယ့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်ခရိုင်တွင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ခဲ့ သည့်အတွက် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ အတွင်းရေးမှူး၊ ပြည်ခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် တတိယမြောက် အစောဆုံး ပြီးစီးခဲ့သည့် ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးအား ဂုဏ်ပြုမှတ်တမ်းနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှူးအား ဂုဏ်ပြုငွေကျပ်(၁၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှိ ဝန်ထမ်းများ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် ပြည်ခရိုင်အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်း တင် ဓါတ်ပုံများအား လှည့်လည်ကြည်ရှုခဲ့သည်။
ပြည်ခရိုင်အတွင်း မြို့နယ်(၆)မြို့နယ်၊ ရပ်ကွက်(၅၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉၀)အုပ်စု၊ ကျေးရွာ (၁၅၅၄)ရွာဖြင့် ဖွဲ့စည်းထားရှိပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် လျာထားလူဦးရေ (၃၁၉၉၇) ဦးဖြစ်သော်လည်း လူဦးရေ(၃၂၃၅၂)ဦး ဆောင်ရွက်ပေး နိုင်ခဲ့သဖြင့် ပြီးစီးမှုရာခိုင်နှုန်း(၁၀၁.၁၁) ရာခိုင်နှုန်း ဖြစ်ပြီး သတ်မှတ်ကာလထက်(၉)လ ပိုမိုစောပြီးအောင် ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းနှင့် ပြည်ခရိုင်သည် ပဲခူးတိုင်းဒေသကြီး၌ တတိယမြောက် ပြီးစီးသည့် ခရိုင်တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။