Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့နယ်အတွင်း ကျေးရွာမီးလင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး

ပြည်မြို့နယ်အတွင်း ကျေးရွာမီးလင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် ဇန်နဝါရီ ၂၉
=================

ပြည်မြို့နယ်၊ ကန်စုကျေးရွာ ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ (၂၉) ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ကန်စုကျေးရွာ ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားအား ဝန်ကြီးချုပ်၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းလျှပ်စစ်အင်ဂျင်နီယာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်၍ ကျေးရွာ အတွင်း လျှပ်စစ်ဓါတ်အား ပေးလွှတ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးလက်မီးလင်းရေးလုပ်ငန်းများ အပါအဝင် အခြားကျေးလက်ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်နေမှုနှင့် လျှပ်စစ်မီးအား အကျိုးရှိရှိ သုံးစွဲကြရန် အမှာစကားပြောကြားခဲ့ပြီး ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု ကောက်စိုက်စက်ဖြင့် Jasmine မျိုးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဇီးအုပ် စိုက်ပျိုးရေးတောင်သူအသိပညာပေးစခန်း၌ တောင်သူများအား အာမိုကွန်ပေါင်းဓါတ်မြေဩဇာအိတ်(၃၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကိုးသောင်းရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းပြင်ပမူလတန်းကျောင်း ပညာရေး သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ပညာရေး သင်ကြားနေသည့် ကျောင်းသား/သူများအား ကျောင်းတွင်းသင်ကြားနေသည့် ကျောင်းသား/သူများအတိုင်း အပြည့်အဝ သင်ကြားတတ်မြောက်စေရန်အပြင် လူမှုပတ်ဝန်းကျင်ရိုက်ခတ်မှုများအတွက် စိတ်ဓါတ်ခွန်အား ပြည့်ဝစေရေး သင်ကြားပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းနှင့် ကျောင်းသား/သူ(၂၃)ဦးအတွက် (၂၃၀၀၀၀ဝိ/)ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ ရှေးဟောင်းသောက်သုံးရေကန်အား ခြံစည်းရိုးကာရံနိုင်ရေး တွက်ချက်တင်ပြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖိုးဦးတောင်သို့ ဘုရားဖူးပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အဆင်ပြေစေရေး ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာ-ရွာသာယာ လမ်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၃၅၀)သန်းဖြင့် ဖို့မြေလုပ်ငန်း ဆောင်ရွက်ခြင်း၊ ဖြတ်မြေလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်နှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။