ပြည် နိုဝင်ဘာ ၁၈
ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ နိုဝင်ဘာလ(၁၇) ရက်နေ့၊ ညပိုင်းအချိန်က (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ် စွယ်တော် ရင်ပြင်တော်ပေါ် လှည့်လည်အပူဇော်ခံပွဲ အောင်ပွဲ(၂)ရပ် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ခဲ့သည်။
ရှေးဦးစွာ အောင်ပွဲအခမ်းအနားအား “နမော တဿ ” (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ အခမ်း အနားအား ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ပတ္တမြားစေတီတော်၊ မူလ ကြေးစေတီတော်၊ ရွှေကလပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်နှင့် စိန်စေတီတော်တို့အား ယာယီ ပုလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ် များက ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ ဘဒ္ဒန္တ ကုမာရဆရာတော်အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြု သော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဒေသကွပ်ကဲမှုဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၊ ဂေါပကအဖွဲ့ ဩဝါဒစရိယ ဆရာတော်/သံဃာတော် အရှင်သူမြတ်များ၏ ပစ္စည်း လေးပါးအလို့ငှာ အမှုသစ်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် အလှည့်ကျ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပွဲတော်ရက်အတွင်း အလှူငွေနှင့် ရတနာပစ္စည်း လှူဒါန်းရရှိမှု စာရင်းအား ဖတ်ကြားတင်ပြလျှောက်ထားခဲ့ကာ ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒစရိယ ရတနာ မာရ်အောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တနေမိန္ဒ ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြသည်။
ထို့နောက် စိန်စေတီတွင် တပ်ဆင်ပူဇော်ထားသော ဗုဒ္ဓမြတ်စွယ်တော်၊ ပတ္တမြားစေတီတော်၊ မူလကြေးစေတီတော်၊ ရွှေကလပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်နှင့် စိန်စေတီတော်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက တနှစ်တာပြန်လည် ကိန်းဝပ် တော်မူမည့် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်ခဲ့ကြသည်။ ၎င်းနောက် ပြည်မြို့၊ လေးဆူ ဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် (၁၂၅)ကြိမ် မြောက် ဗုဒ္ဓမြတ်စွယ်တော် ရင်ပြင်တော်ပေါ် လှည့်လည်အပူဇော်ခံပွဲ အောင်ပွဲ(၂)ရပ် ရေစက်ချ မင်္ဂလာ အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဋ္ဌိတု”(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဆုတောင်းခဲ့ကြပြီး တက်ရောက်လာသည့် ဝတ်အသင်းများမှ “ဒိသာဖရဏ” မေတ္တာပို့ဖြင့် မေတ္တာပို့သခဲ့ကြသည်။
ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ရင်ပြင်တော်ပေါ် လှည့်လည် အပူဇော်ခံပွဲ ကာလအတွင်း အလှူငွေရရှိမှု ကျပ်(၂၀၈၄၃၁၈၀၀)နှင့် လက်ဝတ်ရတနာ ပစ္စည်းမျိုးစုံ(၁၅)ခု ရရှိခဲ့ကြောင်း သတင်းရရှိ သည်။