Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၌ နဝမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်

ပြည်မြို့၌ နဝမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်

ပြည် မတ် ၂၉

============

          ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ နဝမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား မတ်လ(၂၈)ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညို ခဲ့သည်။

          ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပြည်မြို့ ဝင်္ဂဘာတောရ စာသင်တိုက် ဦးစီးပဓာနနာယက “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘဒ္ဒန္တသြဘာသ အရှင်သူမြတ်ထံ မှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြပြီး ပြည်မြို့၊ ဇောတိကာရုံ ပါဠိတက္ကသိုလ် တိုက်ကြပ်နာယက “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ”ဘဒ္ဒန္တသုမင်္ဂလက အဖွင့်သြဝါဒကထာ မြွက်ကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြား လျှောက်ထားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စူဠဘွဲ့နှင်းသဘင် အခမ်းအနားအတွက် အလှူငွေကျပ် သိန်း(၅၀)၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှ အလှူငွေကျပ်(၁၀)သိန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်းတို့အား ဘဏ္ဍာငွေရှာဖွေရေးနှင့် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌထံ အသီးသီး ပေးအပ်လှူဒါန်းပေးခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အကြည်ညိုခံ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်ခဲ့ကြ သည့် စာအောင်သံဃာတော်၊ သီလရှင်များအား အဆောင်အယောင်နှင့် ဘွဲ့တံဆိပ်တော်များ ချီးကျူးဂုဏ်ပြုဆက်ကပ် ပူဇော်ခဲ့ကြရာ ဂိုဏ်းပေါင်းစုံစူဠဘွဲ့နှင်းသဘင် ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တသြဘာသ အရှင်သူမြတ်က အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်းသိရှိရသည်။

          ပြည်မြို့၊ ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာ နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ၌ သာသနဓဇဓမ္မာစရိယ(၉)ပါး၊ ဝိနယဝိဒူ(၅)ပါး၊ ဒီဃနိကာယဝိဒူ(၁)ပါး၊ ပထမကြီးအောင် (၁၃)ပါး၊ ပထမလတ်အောင်(၁၀)ပါး၊ ပထမငယ်အောင်(၂၀)ပါး၊ အခြေပြုမူလတန်း အောင်(၉၀)ပါး၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)တိုင်းအဆင့်ထူးချွန်(၁)ဦး၊ အဘိဓမ္မာ (ဝိသုဒ္ဓိမဂ်) တိုင်းအဆင့် ထူးချွန်(၁)ဦး၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) မြို့နယ်အဆင့်ထူးချွန်(၃)ဦး၊ (အဘိဓမ္မာရိုးရိုး)မြို့နယ်အဆင့် ထူးချွန်(၁)ဦး၊ အဘိဓမ္မာရိုးရိုး သုံးဆင့်အောင်(၁)ဦး၊ အဘိဓမ္မာရိုးရိုးနှစ်ဆင့်အောင်(၂)ဦး၊ အဘိဓမ္မာရိုးရိုး တစ်ဆင့်အောင်(၁၉)ဦး၊ ဂုဏ်ထူးဆောင်တစ်ဆင့်အောင်(၇)ဦးနှင့် ဝိသုဒ္ဓိမဂ်နှစ်ဆင့်အောင်(၁)ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

          တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်း၌ ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဆံတော်စေတီတော်မြတ်အား သွားရောက်ဖူးမြော်ခဲ့ပြီး စေတီတော်ဘက်စုံပြုပြင် မွမ်းမံနိုင်ရေး အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။