Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇန်နဝါရီ ၁၇
=======================

ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများ၏ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ပဲခူးတိုင်း ဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီနိုင်ငံတော် တည်ဆောက်နိုင်ရေး အတွက် ထူးချွန်ထက်မြတ်သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွက်လာနိုင်စေရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်ရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်) ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦတင်ယုက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဗဟိုအဆင့် စာပေ၊ ဂီတ၊ အနုပညာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စာပေ၊ ဂီတ၊ အနုပညာပြိုင်ပွဲများ ဆုရရှိကြ သူများအား အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် မင်းလှမြို့နယ်၊ အထက(ခွဲ)ကိုင်းပြင်ကြီးမှ ကျောင်းသား/သူလေးများနှင့် ပြည်မြို့၊ အထက(ခွဲ)မှော်ဇာမှ ကျောင်းသား/ကျောင်းသူလေးများက တေးသီချင်းများဖြင့် အသီးသီးကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆုရကျောင်းသား/ ကျောင်းသူလေးများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင်အလိုက်ပြခန်းအတွင်း ကျောင်းသား/ကျောင်းသူလေးများ၏ ဘာသာရပ် အလိုက် လက်တွေ့သရုပ်ပြသနေမှု ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။