Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပြည် နိုဝင်ဘာ ၁၉

================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာ အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေး၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၌ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များအရောင်းစင်တာ အား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက အရောင်းစင်တာအတွင်း ရောင်းချရန်ပြသထားသည့် ဒေသထွက်ကုန်များအား လည်လှည့် ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ အား အမယ်စုံရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ လက်ကားကုန်သည်များအား ဖိတ်ခေါ်၍ ဒေသထွက်ကုန်များ ဈေးကွက်ခိုင်မာမှုရရှိရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချနိုင်ရေး ချိန်ဆက် ဆောင်ရွက်ပေးရန်၊ ပြည်ပသို့ ပို့ကုန်တိုးမြှင့်နိုင်ရေး ထုပ်ပိုးမှုစနစ်များ သေသပ်ကောင်းမွန်မှုရှိစေရေး စီစဉ် ဆောင်ရွက်ပေးရန်၊ ဘေးကင်းလုံခြုံသည့် အစားအစာများဖြစ်စေရန် FDA ထောက်ခံချက်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊ ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အသွင်သဏ္ဍန်ပြောင်းလဲပြီး သွင်းကုန်အစားထိုး ဆောင်ရွက်သွားရမှာဖြစ်၍ နည်းပညာနှင့် ချေးငွေရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေး ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          အဆိုပါ MSMEs ဒေသထုတ်ကုန်များ အရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် မှ ထွက်ရှိလာသည့် ဒေသထွက် စားသုံးကုန်များ၊ လူသုံးကုန်များ၊ တိုင်းရင်းဆေးဝါးများ၊ စားဖိုဆောင်သုံး ပစ္စည်းများ စသည့် အမျိုးပေါင်း(၁၆၀)မျိုးကျော်အား ပင်ရင်းဈေးအတိုင်း နေ့စဉ်ရောင်း ချပေးသွားမည်ဖြစ်ကာ ဖွင့်ပွဲနေ့တွင် ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ပြည်သူများအနေဖြင့် လိုချင်သည့် မြို့နယ်အလိုက် ဒေသထွက်ကုန်များအား တစ်နေရာတည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ရာ  ကျန်ခရိုင်မြို့များတွင် ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အတွင်း လာရောက်ရောင်းချလျက်ရှိသည့် MSMEs ဒေသထွက်ကုန် အရောင်း ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။