Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၌ အပတ်စဉ်(၃၀) သူနာပြုသားဖွားသင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပြည်မြို့၌ အပတ်စဉ်(၃၀) သူနာပြုသားဖွားသင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပြည် ဇွန် ၁၆

          ပြည်မြို့၊ ခေတ္တရာရတနာခန်းမ၌ ဇွန်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက အပတ်စဉ်(၃၀) သူနာပြု သားဖွားသင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ အပတ်စဉ်(၃၀) သူနာပြုသားဖွားသင်တန်းသား/သူများက “လောကအားမာန်” သီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆောင်ရွက်ရာတွင် ်တိုင်းဒေသကြီးအတွင်း ကျေးလက်အစွန်အဖျားဒေသများအထိ တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သင်တန်းသား ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး သင်တန်းကျောင်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုသားဖွားများ၏ကဏ္ဍသည် အလွန်အရေးကြီးပြီး ကျန်းမာရေး မြှင့်တင်မှုပေးခြင်း၊ ရောဂါကာကွယ်ခြင်း၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများတွင်လည်း အဓိကတာဝန်ယူထမ်းဆောင်နေကြသူများပင်ဖြစ်ကြောင်း၊ သင်တန်း သား/သူများအနေဖြင့် ပြည်သူ့အကျိုးပြုသူနာပြုကောင်းများဖြစ်အောင် စာတွေ့/လက်တွေ့ကို မျက်ခြေ မပြတ် ဆည်းပူးလေ့လာပြီး ဒီပလိုမာအဆင့်မှ ဘွဲ့ကြိုသိပ္ပံဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ များအား ပြည်တွင်းသာမက ပြည်ပအထိပါ တက်လှမ်းရယူနိုင်ရေး ကြိုးစားကြစေလိုကြောင်း၊ သင်တန်းက ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာပြီး စံပြသူနာပြု/သားဖွားဆရာ/ ဆရာမကောင်းများဖြစ် အောင် ကြိုးစားသွားရန်နှင့် ဖလောရင့်နိုက်တင်ဂေးကဲ့သို့ သူနာပြုများ များစွာပေါ်ထွန်းလာစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနာက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပတ်စဉ်(၂၇) သူနာပြုနှင့် သားဖွားသင်တန်း ပမထ၊ ဒုတိယ၊ တတိယ ပညာရည်ချွန်ဆု ရရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုအား ပေးအပ်ခဲ့သည်။၎င်းနောက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးက ဦးဆောင်းအပ်နှင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဂျူတီကုတ်နှင့် ဦးဆောင်း များ အပ်နှင်းပေးခဲ့ကြသည်။

          ဆက်လက်၍ သင်တန်းသား/သူများက သူနာပြုသစ္စာအဓိဌာန်အား ရွတ်ဆိုဂါရဝပြုခဲ့ကြပြီး “ကရုဏာအလင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အပတ်စဉ်(၂၈)၊ အပတ်စဉ်(၂၉)နှင့် အပတ်စဉ်(၃၀) တို့မှ ပညာရည်ချွန်ဆုရရှိသူ သူနာပြုနှင့် သားဖွားသင်တန်းသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့သည့် သင်တန်းသား/သူ များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရသင်တန်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပြီး သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ပြီး သင်တန်းကျောင်းအတွက် ငွေကျပ်သိန်း(၅၀)၊ ဆန်အိပ်(၅၀)နှင့် စားသုံးဆီများ ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိသည်။