Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်သူဗဟိုပြုသော ကြိုတင်သတိပေးချက် ထုတ်ပြန်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် တိုက်တွန်း ပြောကြား

ပြည်သူဗဟိုပြုသော ကြိုတင်သတိပေးချက် ထုတ်ပြန်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် တိုက်တွန်း ပြောကြား

ပဲခူး အောက်တိုဘာ ၁၃

===========

    ပဲခူးမြို့၊ မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။

        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ်အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်သည် “ကြိုတင် သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက်” ဖြစ်ပြီး ကြိုတင်သတိပေးစနစ်များ ခိုင်မာ အားကောင်းအောင် ဆောင်ရွက်မှုနှင့်အတူ ကြိုတင်သတိပေးချက်တွေအပေါ်မူတည်ပြီး လိုအပ်သည့်စီမံခန့်ခွဲ ဆောင်ရွက်ချက်တွေကိုလည်း အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်ဖို့ လိုအပ်တာကို မီးမောင်းထိုးပြ ထားတာတွေ့မြင်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးကြိုတင်သတိပေးစနစ် ခိုင်မာအားကောင်းစေရန် ပြည်သူ လူထုပါဝင်သည့် ပြည်သူဗဟိုပြု သဘာဝဘေးကြိုတင်သတိပေးစနစ်ကို တည်ဆောက်နိုင်ရေး သတိပေးချက် များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အတိအကျလိုက်နာကြဖို့ အရေးကြီးကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်များအနေဖြင့် မိမိဒေသရဲ့ရေမြေသဘာဝ၊ အရင်းအမြစ် အတွေ့အကြုံတို့အပေါ် အခြေခံဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ ခေတ်နှင့်အညီတိုးတက်နေသည့် နည်းပညာများကိုလည်း မျက်ခြေမပြတ် လေ့လာ အသုံးပြုဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ပြီး လူမှုစီးပွားဘဝများကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

       ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီးအဆင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံးပထမဆုရရှိသူအား လည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ဒုတိယဆု ရရှိသူအားလည်းကောင်း၊  ဥပဒေချုပ် ဦးခင်မောင်တင့်မှ တတိယဆုရရှိသူအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် ကုလသမဂ္ဂသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဌာနအကြီးအကဲ Ms.Mami Mizutori မှပေးပို့သောသတင်းစကား ဗွီဒီယိုနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအားပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အခမ်းအနား တက်ရောက် ကြသူများက ကြည့်ရှု့ကြပြီး အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှု့ကြကြောင်း သိရှိရသည်။

  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သမိုင်းဝင်ရှေးဟောင်းပြတိုက်သို့ သွားရောက်၍ ရှေးဟောင်း ပြတိုက်အား ဘက်စုံပြန်လည်အဆင့်မြှင့် တင်မည်ဖြစ်၍ ပြတိုက်အတွင်းရှိ ပစ္စည်းများအား ခေတ်အလိုက် အမျိုးအစားခွဲခြားသတ်မှတ် မှတ်တမ်းရေးထိုးပြီး စနစ်တကျ စာရင်းပြုစုထားရန်၊ ရှေးဟောင်း ဓါတ်ပုံများအား ခေတ်မီနည်းစနစ်များဖြင့် ပြန်လည်ပြင်ဆင်ထိန်းသိမ်းရန်နှင့် လိုအပ်သော ပြတိုက်ထိန်းသိမ်း စောင့်ရှောက်ခြင်းဆိုင်ရာ နည်းပညာများအား ရှေးဟောင်းသုတေသနနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။