Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်သူလူထုများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေး ရပ်ကွက်/ကျေးရွာအဆင့်ထိ ဆေးထိုးစုရပ်များ ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပြည်သူလူထုများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေး ရပ်ကွက်/ကျေးရွာအဆင့်ထိ ဆေးထိုးစုရပ်များ ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး စက်တင်ဘာ ၅

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၅) ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၂) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်း ဒေသကြီးအတွင်း ကိုဗစ်(၁၉) ရောပိုးတွေ့ရှိမှု အနည်းငယ်စတင်နေပြီ ဖြစ်ကြောင်း၊ ယခင်က ပြည်ပပြန်များမှသာ တွေ့ရှိနေရသော်လည်း ယခုအခါ ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ရောဂါလက္ခဏာမပြဘဲ တွေ့ရှိနေရပြီဖြစ်၍ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးစီး သော်လည်း ထပ်ဆောင်း Booster ဆက်လက်ထိုးနှံပေးသွားရမည်ဖြစ်ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့ မြို့နယ်အလိုက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စုအလိုက် အကြိမ်ပြည့်ထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးလု်ပငန်းများသည် ဌာနဆိုင်ရာ အားလုံးတာဝန်ရှိ၍ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တစ်မြို့နယ် (၁)လလျှင် ကျေးရွာ(၁၀)နှုန်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းရာတွင် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ တစ်ပါတည်းဆောင် ရွက်သွားရန်လိုအပ်ကြောင်း၊ ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုအများဆုံးဖြစ်နိုင်ပြီး လူအများစု ဝေးနိုင်သည့် ဈေးများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ စက်ရုံများတို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း အထူးလိုက်နာကြရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေး ရပ်ကွက်/ကျေးရွာအဆင့်ထိ ဆေးထိုးစုရပ်များ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ကိုဗစ်(၁၉)ရောဂါပိုး တွေ့ရှိကုသမှုနှင့် ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပြစုထားရှိသည့် စာရင်းဇယား အချက်အလက်များကိုလည်းကောင်း Power Point ဖြင့် အသီးသီးတင်ပြခဲ့ကြကြောင်း သိရှိရသည်။

          ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။