Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မကြာမီ တက္ကသိုလ်များ ဖွင့်လှစ်တော့မည်ဖြစ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူး တက္ကသိုလ် လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

မကြာမီ တက္ကသိုလ်များ ဖွင့်လှစ်တော့မည်ဖြစ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူး တက္ကသိုလ် လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

ပဲခူး ဧပြီ ၂၆

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ဧပြီလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက မကြာမီ တက္ကသိုလ် များ ဖွင့်လှစ်တော့မည်ဖြစ်၍ ပဲခူးတက္ကသိုလ် လိုအပ်ချက်များ သွားရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ် အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်မှ မကြာမီ အဝေးသင်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စတင်အပ်နှံနေပြီဖြစ်ပါကြောင်း၊ တက္ကသိုလ် အတွင်း ကျောင်းသား/သူများအား သတ်မှတ်အဆောင်များတွင် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ပဲခူးတက္ကသိုလ်အတွင်း လက်ရှိမြေအသုံးချမှု အခြေအနေနှင့် အနာဂတ်တွင် တိုးချဲ့ဆောင်ရွက်သွားမည့် ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် မြေအသုံးချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကြာမီ ကျောင်းသား/သူများ တက်ရောက်ပညာ သင်ကြားတော့မည်ဖြစ်၍ တက္ကသိုလ်အတွင်း/အပြင် သန့်ရှင်းသပ်ရပ်ရေး၊ ဥပဓိရုပ်ကောင်းမွန်စေ ရေးတို့အား ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာရေးတွင် ဘာသာရပ်အလိုက် လက်တွေ့သရုပ်ပြခြင်းများလည်း ပါဝင်သဖြင့် နောက်ပိုင်း တွင် လက်တွေ့ခန်းများ၊ ဓါတ်ခွဲခန်းများ၊ သရုပ်ပြခန်းများစသည့်တို့အတွက် မြေနေရာများလိုအပ်လာနိုင်ကြောင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား / သူများတွက်လည်း တိုးချဲ့ဆောင်များ လိုအပ်လာနိုင်ကြောင်း၊ ယခုအချိန်ကတည်းက မိမိတို့တက္ကသိုလ်ပိုင်မြေအတွင်း တရားမဝင် ကျူးကျော် စိုက်ပျိုးခြင်း၊ နေထိုင်ခြင်းမရှိစေရေး ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပဲခူးတက္ကသိုလ်သို့ အဆင့်တိုးမြှင့်ခဲ့စဉ် ကတည်းက လိုအပ်လျက်ရှိသော ရုက္ခဗေဒဥယျာဉ်အား မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကူညီပံ့ပိုး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးတက္ကသိုလ်ရှေ့ မျက်နှာစာတစ်လျှောက် အရိပ်ရပင်များ စိုက်ပျိုးခြင်း၊ လျှောက်လမ်းများနှင့် ထိုင်ခုံများထားရှိနိုင်ရေး ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနဆိုင်ရာအား Landscaping Design ရေးဆွဲခိုင်းထားပြီးဖြစ်ကြောင်းနှင့် သီးခြားလိုအပ်ချက်များရှိလာပါက ချက်ခြင်းတင်ပြပေးရန် ပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ်ဧရိယာအတွင်း ရုက္ခဗေဒ ဥယျာဉ်တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရုက္ခဗေဒဥယျာဉ် တည်ဆောက် နိုင်ရေး တိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။