Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မကြာမီ ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ထားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်လမ်းညွှန်မှာကြား

မကြာမီ ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ထားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်လမ်းညွှန်မှာကြား

ပဲခူး စက်တင်ဘာ ၂၃

 ===================

          မကြာမီ ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်း၌ ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ယင်းသို့ပြောကြားသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် တက်ရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ အကျိုးသက်ရောက်မှုကြောင့် ယခင်လာရောက်လည်ပတ်နေသည့် အခြားနိုင်ငံ ခြားသားများအပြင် ရုရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ခရီးသွားများ လာရောက်လည်ပတ်ကြတော့ မည်ဖြစ်ကြောင်း၊ မကြာမီ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အဖိုးမဖြတ်နိုင်သော သမိုင်းဝင်နေရာများ၊ စိမ်းလန်းစိုပြေတဲ့ သဘာဝတောတောင်ရေမြေ အလှအပများကို အသုံးချပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး ဦးတည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆ ဆောင်ရွက်စို့” ဆိုသည့်အတိုင်း ကိုဗစ်(၁၉)ရောဂါကြောင့် ရပ်တန့်လုနီးပါးဖြစ်ခဲ့ရသော ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် စိတ်ကူးသစ်များဖြင့် ကြိုတင်ကြံဆဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက် အဦ၊ ကျုံး၊ မြို့ရိုးများအား ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာသစ်များ ဖော်ထုတ်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေး ကိုလည်း ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိရေးနှင့် ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဟိုတယ်လုပ်ငန်း လိုင်စင်အသစ် လျှောက်ထားလာမှု(၁)ခု၊ ခရီးသွားဧည့်လမ်းညွှန်သက်တမ်းတိုးခြင်း(၄)ခု၊ ဟိုတယ်လုပ်ငန်း လိုင်စင်သက်တမ်းတိုးခြင်း(၁၀)ခုတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက တင်ပြချက်များနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိရသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ စုစုပေါင်း(၃၅၇)ဦးအတွက် ဆန်နှင့်ဆီများ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။