Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ထောက်ပံ့

မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ထောက်ပံ့

ပဲခူး စက်တင်ဘာ ၁၁

=======================

          ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ်(၂၈)ရှိ တရုတ်နိုင်ငံသား ပိုင် Melody Global စက်ရုံသည် စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၄၅)အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

          အဆိုပါ မီးလောင်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးငြှိမ်းသတ်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးမျိုးဝင်းနှင့်တပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          မီးလောင်မှုဖြစ်စဉ်သည် ၎င်းစက်ရုံတွင်းရှိ ဖိနပ်အောက်ခံသရေပြား ပေါင်းခံစက်ရုံအတွင်း ဘွိုင်လာ အိုးမှ အပူလွန်ကဲ၍ ဝါယာလျော့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ရေး မီးသတ် တပ်ဖွဲ့ဝင်များနှင့် တပ်ရင်း/တပ်ဖွဲ့များ စုစုပေါင်း(၆၀)ဦးတို့က မီးသတ်ယာဉ်(၈)စီး၊ အုပ်ချုပ်ယာဉ်(၁)စီး တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ နံနက်(၁၁)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ရုံများအလိုက် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ မီးသတ်ပစ္စည်းများ လုံလောက်စွာထားရှိရေး၊ အရေးပေါ်မီးသတ်ရေငုတ်များ အကောင်း/ မကောင်း စဉ်ဆက်မပြတ်စစ်ဆေးရန်၊ အရည်အသွေးမပြည့်မီသည့် လျှပ်စစ်ပစ္စည်းများ အသစ်ပြန်လည် လဲလှယ်ရန်၊ စက်ရုံအလိုက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် လုပ်ငန်းစီမံချက်များ ဆောင်ရွက်ထားရန်နှင့် သက်ဆိုင်ရာသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့များမှ စက်ရုံအလိုက် ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။