Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ကြိမ်ထည် လက်မှုသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ကြိမ်ထည် လက်မှုသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူး ဒီဇင်ဘာ ၅

=================

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ကြိမ်ထည်လက်မှု သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးမှုရရှိနိုင်ရေး စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာရေး အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အုံများ ဆောက်လုပ်ပေးခြင်း၊လူ့စွမ်းအားအရင်းအမြစ် များ တိုးတက်အောင်ဆောင်ရွက်ပေးခြင်း၊ တီထွင်ဆန်းသစ်များမှု အားပေးမြှင့်တင်ခြင်းနှင့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဒေသန္တရ စီမံကိန်းများရေးဆွဲထားရှိပြီးဖြစ်ကာ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေး၊ ခေတ်မီသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာနိုင်စေရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများအား ကဏ္ဍအလိုက်/ဒေသများအလိုက် အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ ကြိမ်ထည်လက်မှုသင်တန်း ဖွင့်လှစ်ပေးခြင်းအပေါ် စိတ်ပါဝင်စားစွာ သိရှိနားလည်အောင် သင်ကြားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကြိမ်ထည်လက်မှုသင်တန်း၏ သင်တန်း နည်းပြ(၂)ဦးအား ဂုဏ်ပြုထောက်ပံ့ငွေကိုလည်းကောင်း၊ သင်တန်းသား/သူများအတွက် လုပ်ငန်းသုံးပစ္စည်း များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းနည်းပြတစ်ဦးက သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က သင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်ကြားမည့် ကြိမ်ထည် နမူနာများနှင့် လက်တွေ့သင်ကြားပြသနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကြိမ်ထည်ပစ္စည်းများ သည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း စသည်နှင့်ဆက်စပ်သည့် လုပ်ငန်းတစ်ခုဖြစ်၍ ဈေးကွက်ရရှိရေးနှင့် တာရှည်အသုံးပြုနိုင်ရေးနှင့် ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။

          မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းဖြင့် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ရွာသစ်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်း၊ ကုန်ထုတ်လမ်း၊ မြေထိန်းနံရံနှင့် Pipe Culvert(၃)စင်း၊ ဥယျာဉ်ခြံများ ရေပိုက်သွယ်တန်းပေးခြင်း၊ Green House ခေတ်မီ ဖန်လုံအိမ်ဖြင့် စိုက်ပျိုးရေးဆောင်ရွက်ပေးခြင်း၊ ကျေးရွာခန်းမ အဆင့်မြှင့်တင်ပေးခြင်း၊ သတင်းအချက် အလက်ဌာန ဆောင်ရွက်ပေးခြင်း၊ ဆိုလာစနစ်ဖြင့် သောက်သုံးရေဖြန့်ဝေပေးခြင်းနှင့် အသက်မွေးပညာ သင်တန်း ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။