Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မျိုးဆက်သစ် ထူးချွန်သော အားကစားသမားများ ဖော်ထုတ်နိုင်ရေး အားကစားနည်းအလိုက် မြို့ပြနှင့် ကျေးလက်ဒေသမကျန် လူတစ်စု အားကစားမှ လူထုအားကစားအဖြစ် ဖော်ဆောင်သွားရန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

မျိုးဆက်သစ် ထူးချွန်သော အားကစားသမားများ ဖော်ထုတ်နိုင်ရေး အားကစားနည်းအလိုက် မြို့ပြနှင့် ကျေးလက်ဒေသမကျန် လူတစ်စု အားကစားမှ လူထုအားကစားအဖြစ် ဖော်ဆောင်သွားရန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

ပဲခူး ဩဂုတ် ၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဖူဆယ်အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဖူဆယ်အသင်းမှ အားကစားသမား တစ်ဦးချင်းစီက မိတ်ဆက်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာသန်စွမ်းသူများ ‌ပေါ်ထွက် လာစေရေးအတွက် အားကစားကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ လူငယ်/ လူရွယ်များ အားကစားလုပ်ငန်းများတွင် ပါဝင်လာအောင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် တန်ဖိုးရှိသော စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာနိုင်မှာဖြစ်ကြောင်း၊ မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ရေရှည်အောင်မြင်မှုများ ဆက်လက်ထိန်းသိမ်းနိုင်ရေး အားကစားနည်းအလိုက် မြို့ပြနှင့် ကျေးလက်ဒေသမကျန် လူတစ်စု အားကစားမှ လူထုအားကစားအဖြစ် ဖော်ဆောင်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု ဖူဆယ်အသင်း အနေဖြင့် သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေ လိုက်နာမှုစသည့် အခြေခံကောင်းတွေကို အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေး အတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဖူဆယ်အသင်း  လူရွေးချယ်ခဲ့မှု၊ စခန်းသွင်းလေ့ကျင့်မှုနှင့် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဖူဆယ်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် သိန်း(၅၀)အား ပေးအပ်ခဲ့ရာ အသင်းအုပ်ချုပ်သူနှင့် နည်းပြချုပ်များက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။