Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏(၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးတွင် သုတေသနစာတမ်း ထူးချွန်ပထမနှင့် ပညာရေးကဏ္ဍထူးချွန်ပထမရရှိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏(၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးတွင် သုတေသနစာတမ်း ထူးချွန်ပထမနှင့် ပညာရေးကဏ္ဍထူးချွန်ပထမရရှိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၃

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ ညပိုင်းက ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့မှ နိုင်ငံတော်အဆင့် ပညာရေးကဏ္ဍနှင့် သုတေသနစာတမ်းဖတ်ပွဲ ပထမ ဆုရရှိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း မိခင်နှင့်ကလေးများ၊ မိသားစုများ၏ ကျန်းမာရေး၊ပညာရေး၊စီးပွားရေးနှင့် လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများအထိ အကျိုးပြုနိုင်သော ကျန်းမာကြံ့ခိုင်ပြီး ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ် များဖြစ်အောင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အား အထူးပင် ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ(၅၄)သန်းကျော်အနက် (၆၀)ရာခိုင်းနှုန်းကျော်သည် မိခင်နှင့်ကလေးများဖြစ်ကြပြီး မိခင်သေနှုန်း၊ မွေးကင်းစ တစ်နှစ်အောက်နှင့် ငါးနှစ်အောက်ကလေးသေနှုန်းများသည် နိုင်ငံတော်အတွက် အရေးကြီး သည့် ညွှန်းကိန်းတစ်ခုဖြစ်နေသဖြင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် သားဖွားခန်း(၇)ခန်း ဖွင့်လှစ်၍ မိခင်နှင့်ကလေးအန္တရာယ်ကင်းစွာ မွေးဖွားပေးခြင်း၊ မွေးဖွားမိခင် စောင့်ရှောက်ခြင်းတို့အပြင် ပညာရေးကဏ္ဍတွင်လည်း (၅)နှစ်အောက်ကလေးများ ပြုစုစောင့်ရှောက်ရန် မူကြိုကျောင်း(၁၉)ကျောင်းတွင် ကလေးငယ်(၂၇၀)ဦးအား ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် လျက်ရှိသည့်အတွက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့များအနေဖြင့် အဓိကလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့်  အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အသိပညာ၊ အတတ်ပညာ များအား လေ့လာဆည်းပူး၍ ကိုယ်တိုင်ကျင့် တစ်ဆင့်ပွားက မိခင်နှင့်ကလေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာများ၊ နှီးနွယ်အသင်းအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်းနှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏(၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးတွင် သုတေသန စာတမ်း ထူးချွန်ပထမနှင့် ပညာရေးကဏ္ဍထူးချွန်ပထမရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူများအား မှတ်တမ်း တင် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က သုတေသနစာတမ်းထူးချွန်ပထမရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အကြံပေးပုဂ္ဂိုလ် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီဟ၊ ပညာရေးကဏ္ဍထူးချွန်ပထမဆု ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးမိခင် နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ၊ ပေါင်တည်မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဇီးကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးသိန်းလှိုင်တို့အား ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ခဲ့ရာ ဒေါက်တာသီဟနှင့် ဒေါ်နန်းမြင့်သီတာတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဂုဏ်ပြုဆုရရှိသူများ အား ညစာတည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ညစာ သုံးဆောင်နေစဉ် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။