Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့တိုင်း Clean City, Green City ဖြစ်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

မြို့တိုင်း Clean City, Green City ဖြစ်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး အောက်တိုဘာ ၂၉

===================‌

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၈) ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိများနှင့် တွေ့ဆုံ၍ မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တစ်မြို့၏ပြယုခ်သည် ယင်းမြို့၏ သန့်ရှင်းသာယာလှပခြင်းနှင့်အတူ မြို့နယ်စည်ပင်အမှုဆောင်အရာရှိတို့၏ အရည်အချင်းပေါ်တွင် များစွာ မူတည်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး သန့်ရှင်းသာယာလှပစေရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးလု်ပငန်းများသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ စေတနာထား ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ရန်ကုန်-ပြည်ကားလမ်း ဖြတ်သန်းရာမြို့များတွင် လမ်းဘေးပလက်ဖောင်းများ ပြန်လည် ဖော်ထုတ်ခြင်း၊ ကျူးကျော်များရှင်းလင်းခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်သွားရမည့် အပြင် ကားလမ်းများ ရေဆေးခြင်းနှင့်အတူ ဆေးသုတ်ခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ မြို့အဝင်/အထွက်နေရာများတွင် လမ်းညွှန်ဆိုင်းဘုတ်များအား မြန်မာ/အင်္ဂလိပ် (၂)ဘာသာဖြင့် သိသာထင်ရှားသောဆိုင်းဘုတ်များ စိုက်ထူရန်ဖြစ်ကြောင်း၊ မိမိတို့မြို့သို့ ခရီးသွား များ လာရောက်လည်ပတ်ပါက မြို့အဝင်မှစပြီး စိတ်အမောပြေစေရန်အတွက် Clean City, Green City ဖြစ်စေရေး ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်သူများ အပန်းဖြေစေရန်အတွက် သက်ဆိုင်ရာ မြို့မိ/မြို့ဖများနှင့်ပူးပေါင်း၍ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ များက မြို့နယ်အလိုက် သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တင်ပြချက်များနှင့်ပတ်သက်၍ အစိုးရအဖွဲ့ ဝန်ကြီးများက ပြန်လည်အကြံပြုတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကုန်ကြမ်းသစ်ရှားပါးမှုမဖြစ်စေရေး အတွက် သစ်တောစိုက်ခင်းများ ထူထောင်ပေးနိုင်ရေး ပန်းပုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအတွင်းရှိ ပန်းပုလုပ်ငန်းရှင်များက ကုန်ကြမ်းပစ္စည်းရှားပါးမှု၊ ကုန်ကျစရိတ်ကြီးမြင့်မှု၊ သယ်ယူပို့ဆောင်ရေး အဆင်ချောမွေ့စေရေးနှင့် သစ်တောစိုက်ခင်း ထူထောင် နိုင်ရေး မြေနေရာလိုအပ်ချက်များအား အသီးသီးတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။