Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့နယ်တစ်မြို့နယ် ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ပိုးမှု Packing စနစ်များ အဆင့်မြင့် ကောင်းမွန်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

မြို့နယ်တစ်မြို့နယ် ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ပိုးမှု Packing စနစ်များ အဆင့်မြင့် ကောင်းမွန်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

ပဲခူး အောက်တိုဘာ ၁၉

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၉) ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းရာသီ ရောက်ရှိနေပြီဖြစ်၍ ရိတ်သိမ်းပြီးသီးနှံများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း၊ မကြာမီ ဆောင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ဆီထွက်သီးနှံများဖြစ်သော ပဲအမျိုးမျိုးနှင့် ဆောင်းနေကြာ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းဝယ်ယ်၍ စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်နှစ်(၃)သီး စိုက်ပျိုးမည့် နေရာများတွင် ရက်တိုပြီး အထွက်တိုးသည့် မျိုးကောင်းမျိုးသန့် များ အချိန်မီစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းကြီးကြပ်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မိရိုးဖလာမွေးမြူနေသည့် စနစ်မှ ကြီးထွားနှုန်းကောင်းပြီး ဈေးကွက်ခိုင်မာလျက်ရှိသော ဒေသကြက်မွေးမြူရေးလုပ်ငန်းများနှင့် နို့စားနွားတိုးချဲ့မွေးမြူနိုင်ရေး အသိပညာပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိရစ္ဆာန် အစာကိုလည်း ဒေသထွက်ကုန်ကြမ်းပစ္စည်း အများဆုံးအသုံး ပြု၍ ထုတ်လုပ်နိုင်ရေး နည်းပညာပေးခြင်း၊ လက်တွေ့သင်ကြား ပေးခြင်းများအား တစ်မြို့နယ်လျှင် (၁)လ ကျေးရွာ(၁၀)ရွာနှုန်း စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် တစ်ပါတည်း ထည့်သွင်း သင်ကြားပေးရန် လိုအပ်ကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများမှ တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်မြို့နယ် ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ယှဉ်ပြိုင်မှုတွင် ကုန်ပစ္စည်းအရည်အသွေးအပြင် ထုတ်ပိုးမှုစနစ် သည်လည်း အရေးကြီးသဖြင့် လိုအပ်သော နည်းပညာ၊ စက်ပစ္စည်းနှင့် ကုန်ကြမ်းရရှိရေးတို့ကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြခဲ့ရာ၊ တက်ရောက်လာသည့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့် ပတ်သက်ပြီး လိုအပ်သည်များ ထပ်မံဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။