ပဲခူး မေ ၂၇

ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက် ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားအား မေလ ၂၇ ရက်နေ့၊ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြစ်ချောင်း အင်းအိုင်ပေါများပြားပြီး သဘာဝငါးမျိုးစုံထွက်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ကာ သဘာဝငါးသယံဇာတ များ စဉ်ဆက်မပြတ်မျိုးပွားစေရေးနှင့် ငါးစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် ယခုလိုသင်တန်းအား ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသား/သူများအနေဖြင့် ရေချိုသဘာဝငါးမျိုးစိတ် များအား ထိန်းသိမ်းကာ ကိုယ်တိုင်မျိုးပွားပြီး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်အတိုင်း ထုတ်လုပ် ရောင်းချနိုင်ပါက ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန်အဆင့်ထိ ဆောင်ရွက်နိုင်မှာဖြစ်၍ သင်ကြား ပေးမည့် သင်ခန်းစာအလိုက် ကြိုးစားလေ့လာ သင်ယူသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးမှူ ဒေါက်တာစုမျိုးသွယ်က သဘာဝတိုင်းရင်းငါး ဆေးထိုး သားဖောက်ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပေးသွားမည့် သင်ခန်း စာဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ သဘာဝငါးမျိုး ဆေးထိုးသားဖောက် ဆောင် ရွက်ထားရှိမှုတို့အား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website