Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတို့ တွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတို့ တွေ့ဆုံ

ပဲခူး ဇွန် ၆

=======================

          ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတို့ တွေ့ဆုံပွဲအခမ်းအနားအား ဇွန်လ(၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးခြင်း ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး၊ လုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးဒေသ သည် ရထားလမ်း၊ ကားလမ်းဆုံရာ မြို့တစ်ခုဖြစ်ခြင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းရှိခြင်း၊ အဓိကပင်လယ်ရေထွက်ပေါက်တစ်ခုဖြစ်သည့် သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သို့ တိုက်ရိုက်ချိတ်ဆက်နိုင်ခြင်းတို့ကြောင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်တစား ကမ်းလှမ်းမှုများရှိပါကြောင်း၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့တွင် ရေချိုငါးလုပ်ငန်းအား စီးပွားဖြစ်ဆောင်ရွက်လျက်ရှိ၍ သီးခြားမွေးမြူရေးဇုန်အဖြစ် သတ်မှတ်ကာ ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီပါက လိုင်စင်များလည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးဌာန နှင့် ပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလို ပဲခူးတိုင်းဒေသကြီးအတွင်း  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး လာရောက်တွေ့ဆုံမှုအပေါ် ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ကောင်စီအဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းစဉ်၊ OSS လုပ်ငန်းစဉ်ကိစ္စ၊ မြေ/အဆောက်အဦ ငှားရမ်း/သုံးစွဲနိုင်သည့် နှစ်အလိုက် သက်တမ်းတိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များ မေးမြန်းခဲ့ရာ၊ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

          တွေ့ဆုံပွဲ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန် ဒေါ်ဝါဝါမောင်၊ ညွှန်ကြားရေးမှူးချုပ်  ဦးသန့်စင်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့သည် ပဲခူးမြို့ရှိ စက်မှုနယ်မြေအတွင်းရှိ စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ဘောနတ်ကြီး ကျေးရွာအနီး I Land Park စက်မှုဇုန် ဖော်ထုတ်နေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။