Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၂

=============

          ပဲခူးမြို့ရှိ ရှေးမင်းများအဆက်ဆက်၊ သူတော်ကောင်းများအဆက်ဆက် တည်ထားကိုးကွယ်တော်မူခဲ့ သည့် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအား ဖေဖော်ဝါရီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

          ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ် ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာ ထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်တို့အား သံဃာတော်များထံ ဆက်ကပ်ခဲ့ရာ ကြွရောက်လာ သည့် သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော် နားယူခဲ့ကြပြီး ဆက်ကပ်ခဲ့သည့် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်တို့အား စေတီတော်မြတ်ကြီး ဝတ္ထုကံနည်မြေတွင် ပက်ဖြန်းကြဲဖြန့်ချည်နှောင်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များက သံဃာတော်များထံ ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက် သွန်းလောင်း အမျှအတမ်းပေးဝေခဲ့ကြသည်။ ၎င်းနောက် အခမ်းအနားမှူးက တောင်းပန်လွှာစာတမ်းအား ဖတ်ကြားခဲ့ပြီး ကြွရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်ဆင့်အား ဒေဝါဝင်း ချန်ရံလျက် အလယ်ပစ္စယံ၌ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြသည်။

          ယင်းနောက် ရွှေထီးတော်ဘုံအဆင့်များပင့်ဆောင်ခြင်းနှင့် တင်လှူပူဇော်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ကြွရောက်လာသည့် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံရှိရာသို့ ဒေဝါဝင်း ချန်ရံ၍ ပင့်ဆောင်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

          ထို့နောက်  မင်္ဂလာအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အလှူရှင်များက ရွှေထီးတော်ပထမဘုံအဆင့်အား မင်္ဂလာရထားပျံဖြင့် တင်လှူ ပူဇော်ခဲ့ရာ ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာမူလေ အစချီ ဇယမင်္ဂလာအောင်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ကြွရောက် လာသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဒေသခံပြည်သူ (၃၀၀၀)ဦးအား စတုဒီသာကျွေးမွေးခြင်းများအား ကြည့်ရှုအားပေးခဲ့ကြကာ ကျန်ရှိသည့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား ထီးတော်တင်အဖွဲ့ တာဝန်ရှိသူများက အောင်မြင်စွာတင်လှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။