Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လက်ကိုင်ရှည် လက်တွန်းထွန်စက်နှင့် တွဲဘက်သုံးလူထိုင်စီး (စက်တုံး)နောက်တွဲကိရိယာ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

လက်ကိုင်ရှည် လက်တွန်းထွန်စက်နှင့် တွဲဘက်သုံးလူထိုင်စီး (စက်တုံး)နောက်တွဲကိရိယာ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး မေ ၂၄

===================

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မေလ (၂၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြု လုပ်သည့် လက်ကိုင်ရှည် လက်တွန်းထွန်စက်နှင့် တွဲဘက်သုံးလူထိုင်စီး(စက်တုံး)နောက်တွဲ ကိရိယာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတို်ငးဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှု လယ်ယာကဏ္ဍသို့ ကူးပြောင်းရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခေတ်စနစ်နှင့်အညီ တောင်သူလယ်သမားများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရမှ လယ်ယာသုံးစက်ကိရိယာများအား လက်ငင်းစနစ်၊ အရစ်ကျ စနစ်များဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ တောင်သူလယ်သမားများ လယ်ယာသုံး စက်ကိရိယာ များ ပိုင်ဆိုင်လာသည့်အခါ လိုအပ်သော စက်ပြင်ဆင်ခြင်းနှင့် စနစ်တကျ နည်းမှန်လမ်းမှန် အန္တရာယ်ကင်းကင်း မောင်းနှင်သုံးစွဲနိုင်ရေးအတွက် မြို့နယ်စက်မှုလယ်ယာ စခန်းအသီးသီးတွင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သော ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ ကုန်ထုတ်လမ်းပါဝင်တဲ့ စနစ်တကျလယ်ယာမြေများ ဖော်ထုတ်ဆောင်ရွက် ပေးလျက်ရှိရာ သက်ဆိုင်ရာ မြို့နယ်စက်မှုလယ်ယာစခန်းများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း၊ တောင်သူများအနေဖြင့် မြေယာပြုပြင်ခြင်းနှင့် ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများတွင် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုသလို စတင်စိုက်ပျိုးသည့် အခါတွင်လည်း စက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုစေလိုကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက် ထားသည့် လက်ကိုင်ရှည်လက်တွန်းထွန်စက်နှင့် တွဲဘက်သုံးလူထိုင်စီး(စက်တုံး) နောက်တွဲကိရိယာများသည် တောင်သူများအတွက် အလွန်အကျိုးကျေးဇူးရှိသည်ကို ကြားသိရသဖြင့် ဂုဏ်ယူဝမ်းမြောက်မိ ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒေသခံတောင်သူ(၅၀)ဦးအား လက်ကိုင်ရှည် လက်တွန်း ထွန်စက်(၅၀)စီး၊ တွဲဘက်သုံး လူထိုင်စီး(စက်တုံး)နောက်တွဲကိရိယာ(၃၀)လက်တို့အား လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ဒေသခံတောင်သူ ဦးအောင်နိုင်ထွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘောနတ်ကြီး ကျေးရွာ၌ လက်ကိုင်ရှည် လက်တွန်းထွန်စက် လူထိုင်စီး(စက်တုံး) နောက်တွဲကိရိယာဖြင့် မြေယာပြုပြင်ခြင်း သရုပ်ပြသမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူ များ တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ဒေသကြက်မွေးမြူရေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။