Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၇

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့၊ အောက်စုရပ်ကွက်၊ ဦးပိုင် အမှတ်(၂၀/၂)ရှိ ဒေါ်သန်းသန်းမြင့်၏ လယ်မြေဧရိယာ(၅.၅၀)ဧက၌ နှံကောက်စပါးမျိုးအား လက်ဆွဲ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နှစ်စဉ်ရေကြီး သည့် လယ်မြေများတွင် ရေမြှုပ်ခံစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးရန်၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ပင်ကြားတန်းကြား မှန်ကန်စွာ စိုက်ပျိုးသွားရန်၊ မြေ နမူနာစမ်းသပ်၍ လိုအပ်သည့် မြေဩဇာအချိုးအစားအတိုင်း ထည့်သွင်းသွားရန်၊ မစိုက်ပျိုးမီ မျိုးသန့်ခြင်း နှင့် စိုက်ပျိုးပြီး မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရန်၊ မျိုးစပါးလုံလောက်မှုရှိစရေး ခေါင်နှံများဖြင့် မျိုးသန့်မျိုးပွားနည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မိရိုးဖလာစိုက်နည်းစနစ်မှ ခေတ်မီသော စိုက်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် နွေစပါးရာသီအမှီ တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနိုင်ရေး ဖြန့်ဖြူးဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ပဲခူး-သနပ်ပင်လမ်းမကြီးပေါ်ရှိ အင်းဝတံခါးပေါက်သို့ ရောက်ရှိခဲ့ပြီး ဟံသာဝတီရှေးဟောင်းကျုံး တူးဖော်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ ရာ ရှေးဟောင်းကျုံးတူးဖော်နေမှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးဒေသသည် ရေကြီးပြီး ပြင်းထန်သည့် ငလျင်ဒဏ်ကို အကြိမ်ကြိမ်ခံစားခဲ့ရခြင်းကြောင့် ရှေးဟောင်းကျုံးနှင့် မြို့ရိုးကြီးများ မြေကြီးအောက် နစ်မြုပ်ပျောက်ကွယ်ခဲ့ကြောင်း၊ ယခုအခါ ရှေးဟောင်း ယဉ်ကျေးမှု အမွေးအနှစ်များ ဖော်ထုတ်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းဖြစ်ပြီး မီးခိုးမထွက်သည့် စက်ရုံတစ်ခု တည်ဆောက်ခြင်းဖြစ်ရာ အနာဂတ်လူငယ်များအတွက် အလေးထားတန်ဖိုးထားရာ အထိမ်း အမှတ်တစ်ခုအဖြစ် ဖော်ထုတ်ပေးရခြင်းဖြစ်ကြောင်း၊ တူးဖော်ကုန်းများမှ ထွက်ရှိလာသည့် ပစ္စည်းအမျိုးအစား နှင့် ခေတ်ကာလကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်မှုမရှိစေရေး သတိပေးဆိုင်းဘုတ်များ တပ်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။