Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လယ်ယာထွက်ကုန်သီးနှံကုန်စည်ဒိုင် ဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

လယ်ယာထွက်ကုန်သီးနှံကုန်စည်ဒိုင် ဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၃၁

===================

          ပဲခူးမြို့၊ မြို့မဈေး၊ သီရိဥဿာဈေးရုံကြီး အပေါ်ထပ်၌ လယ်ယာထွက်ကုန်သီးနှံကုန်စည်ဒိုင် ဖွင့်ပွဲ အခမ်းအနားအား အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က လယ်ယာ ထွက်ကုန်သီးနှံကုန်စည်ဒိုင်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက လယ်ယာထွက်ကုန်သီးနှံကုန်စည်ဒိုင်ရုံးခန်း၌ ပြသထားသည့် လယ်ယာထွက်ကုန် သီးနှံများနှင့် သီးနှံများအလိုက် ကုန်စည်ဈေးနှုန်းများ ထုတ်ပြန်ပေးနေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာနမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် Market Information System (M.I.S) ထုတ်ပြန်ချက်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ တောင်သူ အခြေပြု ဈေးကွက်သတင်းအချက်အလက်စနစ်များ အားကောင်းစေရန် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် သွားရန်၊ တောင်သူလယ်သမားများနှင့် လုပ်ငန်းစဉ်တွင်ပါဝင်သူများ (ဆန်စက်များ၊ ကုန်သည်ပွဲစားများ၊ လက်လီ/လက်ကားရောင်းချသူများ၊ သွင်းအားစုဖြန့်ချီသူများ)အားလုံး နေ့စဉ်ဒေသပေါက်ဈေးနှုန်းများအား သိရှိစေရေး ဆောင်ရွက်သွားရန်နှင့် လယ်ယာကဏ္ဍတွင် ပါဝင်သူများအားလုံး အကျိုးဖြစ်ထွန်း၍ ပွင့်လင်းမြင်သာမှုရှိသော ယုံကြည်ကိုးကားနိုင်သည့် ဈေးကွက်သတင်းအချက်အလက်စနစ် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စီးဆင်းနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop)(OSS) ဖွင့်လှစ်ထားရှိနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူတို့၏ အခြေခံလိုအပ်ချက် များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှုအလေ့အကျင့် ကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာအပေါ်အားကိုးယုံကြည်မှု တိုးပွာလာစေရန်နှင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဦးစီးဌာနများအလိုက် အပြန်အလှန် ထိန်းကျောင်းမှုများပြုနိုင်ရေး အထောက်အကူပြုနိုင်ရန် စသည့် ရည်ရွယ်ချက်လေးရပ်အား အထူးအလေးထား လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးကြီး၊ သီရိဥဿာဈေးရုံကြီး အပေါ်ထပ်၌ ဖွင့်လှစ်ထားသည့် တိုင်းဒေသကြီးထုတ်ကုန်များ အရောင်းစင်တာ ဖွင့်လှစ်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသထွက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ပင်ရင်းဈေးအတိုင်း ရောင်းချနိုင်ရေး၊ ဒေသထွက်ကုန်ပစ္စည်းများ အမယ်စုံတိုးချဲ့ရောင်းချနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ရန်နှင့် စားသောက်ကုန်ပစ္စည်းအမျိုးအစားလိုက် သတ်မှတ်သက်တမ်း ကျော်လွန်ရောင်းချ ခြင်းမရှိစေရေး စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)