Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း(၁၁/၂၀၂၄) သင်တန်းသား/သူ ကြိုဆိုပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း(၁၁/၂၀၂၄) သင်တန်းသား/သူ ကြိုဆိုပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

ပြည် ဇူလိုင် ၃

          ပြည်မြို့၊ သီရိခေတ္တရာခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ်ပညာသင်တန်း(၁၁/၂၀၂၄) သင်တန်းသား/သူ ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပြည်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများက “မြကျွန်းညိုညိုတက္ကသိုလ်” သီချင်းဖြင့် စတင်သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းများမှ အရည်အသွေးမြှင့် ဆရာအတတ်ပညာများရရှိစေရန်၊ စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်ပြီး သင်ကြားစွမ်းရည်မြင့်မားသော လက်ထောက်မူလတန်းပြ ဆရာလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်ဝသာ နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန်တို့ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက် ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး ကို အကောင်အထည်ဖော် ဆောင်ရွက်နေသလို နိုင်ငံတော်၏ အနာဂတ် ပညာရေးတိုးတက်ကောင်းမွန်စေ ရေး ရည်ရွယ်ချက်ဖြင့် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာ/ဆရာမများ သည် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်ပြီး စေတနာ၊ ဝါသနာ၊ အနစ်နာ အရင်းခံ၍ တပည့်များအား စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝစေရေးအတွက် သွန်သင်ဆုံးမပေးကြသူများ ဖြစ်ကြောင်း၊ ဆရာ/ဆရာမများသည် ခေတ်နှင့်အညီ ပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ်လေ့လာ သင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများပင်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံ တော်အတွက် အရေးကြီးသည့်ကဏ္ဍဖြစ်သည့် ပညာရေးနယ်ပယ်မှ ဆရာ/ဆရာမများအားလုံးနှင့် ဆရာ/ ဆရာမလောင်းများသည် နိုင်ငံတော်၏ ဦးတည်ချက်များ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ သင်ကြားသင်ယူမှု လုပ်ငန်း များကိုလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်းနှင့် သင်တန်းမှပို့ချမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူ၍ လက်တွေ့လုပ်ငန်းခွင်တွင် အကောင်းဆုံးပြန်လည် အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမင်းမင်းသိမ့်က သင်တန်း သား မောင်မယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ၎င်းနောက် သင်တန်းသား/သူ များက “ရတနာပုံ”၊ “မြန်မာ့စိတ်ရင်းမြန်မာ့ရှု့ခင်း”နှင့် “ပဲခူးဟုခေါ်သည်” တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြု ငွေများနှင့် ပြည်ပညာရေးဒီဂရီကောလိပ်အတွက် သီးခြားထောက်ပံ့ငွေကျပ်သိန်း(၅၀)အား ထောက်ပံ့ပေး အပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။