Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁

====================

          ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တို်ငးဒေသကြီးအတွင်း၌ ခရိုင်(၆)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိပြီး နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီ သွားလာနိုင်ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှသာ ဖော်ဆောင်ပေးနိုင် မှာဖြစ်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်တွင်ပါရှိသည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန် တာဝန်ရှိကြောင်း၊ လိုအပ်လာပါက နည်းပညာ အကူအညီ ရယူ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေအလိုက် တာဝန်ပေးအပ်ထားသည့် နယ်ထိန်းများအနေဖြင့် နယ်ထိန်းလုပ်ငန်း များကို တိတိကျကျ ပီပီပြင်ပြင် ဆောင်ရွက်ကြရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက််ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် မိတ်ဖက်လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း၍ လုံခြုံရေးစီမံချက်များ  ပြည့်စုံစွာ ပြန်လည်ရေးဆွဲထားရမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်မှု မရှိဘဲ မိမိတို့ဆန္ဒအလျောက် အလင်းဝင်ရောက် လာသူများကို နွေးနွေးထွေးထွေး ကြိုဆိုလက်ခံ၍ ၎င်းတို့၏ လူ့မှုဘဝလုံခြုံရေးကို အပြည့်အဝ တာဝန်ခံပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် စစ်ဆေးရေးဂိတ်များတွင် တရားမဝင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဝင်ရောက်ခြင်း/စီးနင်းခြင်းမရှိစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယ တပ်မှူးတို့က ဒေသလိုက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် သတင်းအချက်အလက် တိကျမြန်ဆန်ခိုင်မာစေရေးတို့အား အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများက မြို့နယ်အလိုက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် သတင်းအချက် အလက်များ ရရှိရေး ဒေသခံပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။