Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခုအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ် လှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခုအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ် လှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၆

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၆) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား တိုင်းဒေသကြီး မြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်လှပစေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ (၅)ထပ်၊ (၄)လုံး အခန်းပေါင်း(၈၀)ခန်း (၁၀၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်၊ တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များဖြင့် အဆောက်အဦများအား စနစ်တကျ စိစစ်လက်ခံဆောင်ရွက်သွားရန်နှင့် အိမ်ရာဝန်း အတွင်း/အပြင် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၌ တည်ဆောက်လျက်ရှိသော အားကစားဥယျာဉ်စီမံကိန်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝင်/ထွက်လမ်းများ စနစ်တကျ ပြန်လည်ဖော်ထုတ်ရန်၊ ဌာနဆိုင်ရာမြေဧရိယာအတွင်း တရားမဝင် ကျူးကျော်နေထိုင်မှုမရှိစေရေးနှင့် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်အနီး၊ ရန်ကုန်-မန္တလေးကားလမ်းနှင့် ပဲခူးမြို့ အနောက် ဘက် မြို့ရှောင်လမ်းကြား (Public Area) မြေနေရာ၌ ဘုရင့်နောင်ရုပ်တုနှင့် ရင်ပြင်ပန်းခြံအဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ဒီဇိုင်းများအတိုင်း စနစ်တကျ အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းရေး အတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၏ အထင်ကရ ကမ္ဘောဇသာဒီ နန်းတော်အတွင်းရှိ ဟံသာဝတီရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိခဲ့ပြီး ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး၊ Landscaping Design ပြန်လည်ရေးဆွဲ ဆောင်ရွက်ရန်နှင့် ပြတိုက်အတွင်း ပြန်လည်အဆင့်မြှင့်တင်လုပ်ငန်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။