Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ကြီး အဗျားတံတားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ကြီး အဗျားတံတားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ဝေါ ဒီဇင်ဘာ ၁၄

===================

          ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်း မိုင်တိုင်(၇၅/၀ မှ ၇၅/၁)ကြားရှိ အဗျားတံတားအား ဒီဇင်ဘာ လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါတံတားနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ယနေ့ဖွင့်လှစ်ပေးလိုက်သည့် အဗျားတံတား သည် ယခင်ကစစ်တောင်းတူးမြောင်းလက်တက် ဆည်းမြောင်းရေလွှဲပေါက်ပေါ်မှာ တည်ဆောက်ထားသည့် တံတားဖြစ်ပြီး အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများ နေ့/ညမပြတ်ဖြတ်သန်း သွားလာမှုကြောင့် ပျက်စီးလာသဖြင့် ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ အပြန်လမ်းတံတားအဖြစ် အသုံးပြုနိုင်စေရန် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ တံတားများ တည်ဆောက်ပေးခြင်းကြောင့် ရန်ကုန်မြို့မှတဆင့် မြန်မာနိုင်ငံ၏တောင်ဘက်စွန်းမြို့များသို့ တစ်ဆက်တည်း အချိန်တိုအတွင်း သွားလာနိုင်မှာဖြစ်ပြီး ဒေသထွက်ကုန်များလည်း ထိုင်းနိုင်ငံနယ်စပ်ဂိတ် များသို့ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ဘက်စုံကဏ္ဍစုံဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေ ရေးသည် အခြေခံကျသည့်အချက်ဖြစ်ကြောင်း၊ ခေတ်စနစ်နှင့်အညီ ကုန်တင်ယာဉ်ကြီးများ သတ်မှတ်တန်ချိန် အတိုင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ချောမွေ့စွာဖြင့် တင်ဆောင်ဖြတ်သန်းနိုင်ရန်အတွက် နိုင်ငံတော်မှ အကုန်အကျခံတည်ဆောက်ပေးထားသည့် အဗျားတံတားကြီးကို ရေရှည်တည်တံခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

         ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ တံတားတည်ဆောက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူတို့က အဗျား တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။ ၎င်းနောက် ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး အမွှေးနံ့သာရည်များ ပတ်ဖြန်းကာ တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှု့ခဲ့ကြပြီး တိုင်းရင်းသားရိုးရာ အဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့အား ဂုဏ်ပြုငွေများပေးအပ်ခဲ့သည်။

       အဆိုပါ အဗျာတံတားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်(၇၅/၀- ၇၅/၁)အကြားတွင်တည်ရှိပြီး အရှည်(၂၄၀)ပေ၊ အကျယ်(၃၁)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်းတစ်ဖက်လျှင်(၃)ပေစီရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၈၃၁.၆၉)သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး/ ပြည်နယ်မှ ဒေသထွက်ကုန်များ မြန်မာနိုင်ငံတောင်ပိုင်းသို့ အဓိကတင်ပို့ရာလမ်းကြောင်းပေါ်တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်း မှုအတွက် အဓိကအရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ အဗျားငှက်ချေးဝန်းကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၇၉၃-ခ)သို့ ရောက်ရှိခဲ့ပြီး တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်း(၄၂၇)ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပဲတီစိမ်း နှင့်နွေစပါးစိုက် တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး နွေစပါးစိုက်ပျိုးနိုင်ရေး ရှမ်းကိုင်း ရေတံခါးနှင့် မိုးယွန်းကြီးအင်းဆည်ရေသောက် ဧရိယာများအား ပြန်လည်အဆင်မြှင့်တင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။