Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဖေဖော်ဝါရီ ၇

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မကြာမီ သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများနှင့် လျှပ်စစ်ဓါတ်အားခကြွေးကျန်များ အပြည့်အဝ ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီဖြစ်၍ သတ်မှတ်ဧရိယာအလိုက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ကြရန်နှင့် ကြဲပတ်စိုက်ပျိုးသည့်စနစ်မှ အစေ့ချ စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများ ရရှိရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခြားနည်းခွင့်ပြုပေးထားသည့် မြေနေရာများတွင် သတ်မှတ် စည်းကမ်းကာလအတိုင်း လုပ်ငန်းဆောင်ရွက်ခြင်းမရှိပါက မူလစိုက်ပျိုးမြေအဖြစ် ပြန်လည်သတ်မှတ်ကာ သီးနှံများစိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ ၊ MSMEs ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့တိုင်း သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် ယခုကတည်းက ပျိုးပင်များကြိုတင် ပျိုးထောင်ထားရှိရန် လိုအပ်ကြောင်း၊ မဲစာရင်း အချက်အလက်များ မှန်ကန်စေရေးနှင့် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးကောက်ယူခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ပွင့်လင်းရာသီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း များ ဆောင်ရွက်ကြရန်နှင့် ရုံးလုပ်ငန်းအား လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အကျဉ်း ချုပ်ကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တည်ဆောက်ရေး လုပ်ငန်းများ၊ အခွန်အကောက်ရငွေနှင့် သာမန်ရုံးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား အသီးသီး တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။