Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သတ်မှတ်ဘတ်ဂျက်ကာလအတိုင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက် ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

သတ်မှတ်ဘတ်ဂျက်ကာလအတိုင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက် ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၂၅

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၂)အား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်း(ပဲတီစိမ်း)စိုက်ပျိုးသည့် တောင်သူများအတွက် လိုအပ်သည့် သွင်းအားစုများအား တောင်သူလက်ဝယ်အရောက် အမြန်ဆုံးဖြန့်ခွဲပေးရန်နှင့် နွေစပါး စိုက်တောင်သူများအတွက်လည်း အချိန်နှင့်တစ်ပြေးညီ သွင်းအားစုများ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပင်လယ်ရေငန်ဝင်ရောက်သည့် သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် မြေလပ်မရှိ စိုက်ပျိုး နိုင်ရေး ဆားငန်ဒဏ်ခံစပါးမျိုးများ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် လျာထားစိုက်ဧကများ ကျော်လွန်စိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေနှင့် အခြားသွင်းအားစုများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ MSMEs လုပ်ငန်းရှင်များအတွက် ထုပ်ပိုးမှုစနစ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် Packing Machine များ ဝယ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ငှက်ပျောပင်စိုက်ပျိုးသည့် ဒေသများတွင် ငှက်ပျောပင်မှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး သင်တန်းများ၊ အသိပညာပေးခြင်းများ ပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စည်ပင်သာယာရေး အဖွဲ့အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး တည်ဆောက်ပေးခဲ့သည့် ပန်းခြံများ၊ ရင်ပြင်များနှင့် Public Area များ အစဉ်သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း တစ်ခုချင်းအလိုက် သက်ဆိုင်ရာ(QC)များက စနစ်တကျ ကွင်းဆင်းစိစစ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ကျောင်းပြင်ပ)ဖြေဆိုသူများအတွက် မြို့နယ်အလိုက် ကျောင်း ချိန်ပြင်ပ ပညာသင်ကြားရေး ဆောင်ရွက်နေမှုအခြေအနေများအား ရပ်ကွက်/ကျေးရွာများအထိ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး နှိုးဆော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရုံးစာစနစ်များ လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန်သွားရန်နှင့် အဝေးပြေးလမ်းမကြီးဘေး ဝဲ/ယာတွင် သတ်မှတ်အကွာအဝေးအတိုင်း အရိပ်ရ သစ်ပင်များ စိုက်ပျိုးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် ပြောကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ရေးအတွက် သင်တန်းပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ရသင့်ရထိုက် သည့် အခွန်ရငွေများ ကောက်ခံနေမှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးတင်ပြခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပုံမှန်ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သီးခြားလိုအပ်ချက်များ တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။