Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သနပ်ပင်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ်နွေစပါး(၂)သီးမှ ပထမသီးနှံ နွေစပါး ရိတ်သိမ်းနေမှုနှင့် ဒုတိယသီးနှံ နွေစပါး စိုက်ပျိုးနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သနပ်ပင်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ်နွေစပါး(၂)သီးမှ ပထမသီးနှံ နွေစပါး ရိတ်သိမ်းနေမှုနှင့် ဒုတိယသီးနှံ နွေစပါး စိုက်ပျိုးနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၁၆

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက်ထားမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီး ကျေးရွာသို့ရောက်ရှိခဲ့ပြီး ကျိုက်ပဒိုင်ကွင်းသည် ရေကြီးရေနက်ကွင်းဖြစ်ပြီး ယခင်က ရေကျနောက်စိုက် နွေစပါး(၁)သီးသာ လယ်မြေအနည်းငယ်တွင် စိုက်ပျိုးနိုင်သည့် ဒေသဖြစ်သော်လည်း သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ယခုအခါ နွေစပါး(၂)သီး၊ မြေ ဧရိယာ(၂၀၂၀)ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်ကို လက်တွေ့တွေ့မြင်နေရပြီဖြစ်ကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့်  မိရိုးဖလာစိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်း၊  မျိုးကောင်းမျိုးသန့် ပြောင်းလဲခြင်း နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသခံလယ်သမားများ၏ စိုက်ပျိုးမြေများ အဆင့်မြှင့်တင်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်းတို့ကြောင့် စိုက်ပျိုးသီးနှံများ အချိန်တိုအတွင်း တိုးတက်ထုတ်လုပ် ရရှိခဲ့ခြင်းကို ယခုအခါ လက်တွေ့သိမြင်အကျိုးကျေးဇူးရရှိလာပြီဖြစ်၍ မြေလပ်မရှိ စိုက်ပျိုးစွမ်းအား တိုးတက် စေရေး ဆောင်ရွက်သွားရန် အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က နွေစပါးစိုက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ ပေးအပ်ခဲ့ရာ ဒေသခံ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကျိုက်ပဒိုင်ကြီးကျေးရွာ ရေကြီးရေနက်ကွင်း၌ လယ်သမားတာ Check Gate တည်ဆောက်ပေးခြင်းဖြင့် ဒေသခံတောင်သူများ တစ်နှစ်နွေစပါး(၂)သီးမှ ပထမသီးနှံနွေစပါး ရိတ်သိမ်းနေမှုနှင့် ဒုတိယသီးနှံ နွေစပါး ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ပထမသီးနှံ နွေစပါး အစိုတင်း(၁၆၀) ထွက်ရှိခဲ့ကြောင်း သိရှိရသည်။ ၎င်းနောက် လယ်သမားတာ Check Gate တည်ဆောက် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီးကျေးရွာရှိ ရေကြီးရေနက်ကွင်း၌ ယခင်က ရေကျနောက်စိုက် အဖြစ် လယ်မြေအနည်းငယ်သာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုအခါ လယ်မြေဧရိယာ(၂၂၀၀)ဧကတွင် တစ်နှစ်(၂)သီး နွေစပါးစိုက်ပျိုးနိုင်ခဲ့ပြီး သီးထပ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် လာမည့် ဘဏ္ဍာရေးနှစ်တွင် လှည်းလမ်းရိုး၊ တာကျဉ်းမြောင်ရိုးနှင့် ဆင်ဖြူးရိုး Check Gate များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ကာ ကျိုက်ပဒိုင်ကျေးရွာ၌ လယ်မြေ ဧရိယာ(၁၃၂၂)ဧက ထပ်မံတိုးတက် စိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး လုပ်ငန်းရှင် ဦးသက်နိုင်၏ ကာကီကင်း ဥစားဘဲကောင်ရေ(၁၀၀၀) အောင်မြင်စွာ မွေးမြူထားရှိမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသတွင်း ဥစားသုံးမှုဖူလုံစေရေးနှင့် ဖြန့်ဖြူးရောင်းချနိုင်ရေး လိုအပ်သည်များ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။