Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်

သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်

ပဲခူး ဇန်နဝါရီလ  ၈

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများကျန်းမာကြံ့ခိုင်ရေးကိုဦးတည်၍ သရေ ခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော်အား ကျင်းပပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် စက်ဘီးစီး သမားများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ပြည့်စုံအောင် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နယ်မြေမှာ ကျင်းပခြင်းဖြစ်၍ ပြိုင်ပွဲ အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ခရီးမိုင်(၁၀)မိုင်ခန့် စက်ဘီးစီးရမည်ဖြစ်၍ ခရီးစဉ်တစ်လျောက် ခဏရပ်နားရန်နေရာ၊ ရေသန့်နှင့် အအေးဗူးများ ပေးဝေ နိုင်ရေး သတ်မှတ်နေရာများ စနစ်တကျထားရှိသွားရန် လိုအပ်ကြောင်း၊ စက်ဘီးစီးမည့်အားကစားသမား များအား အမှတ်တရရှပ်အင်္ကျီနှင့် တဘတ်များကိုလည်း တည်းခိုမည့်ဟိုတယ်တွင် အချိန်မီဖြန့်ဝေပေး ရန်နှင့် ဖွဲ့စည်းပေးထားသည့် ကော်မတီများအလိုက် ဆောင်ရွက်မည့်အစီအမံများအား တင်ပြပေးစေ လိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနန္ဒအောင်က သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲအား ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိမှု အခြေ အနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်အကြံပြုချက် ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲအား ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိပြီး ခရိုင်(၄)ခု အပျော်တမ်းစက်ဘီးစီးသမားများ ပါဝင်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။