Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် တစ်သီးစိုက်မှ နှစ်သီး၊ သုံးသီး တိုးတက်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် တစ်သီးစိုက်မှ နှစ်သီး၊ သုံးသီး တိုးတက်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ဧပြီ ၁ သာယာဝတီ
==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ပဲခူးတိုင်း(အနောက်ခြမ်း)တွင် စားရေရိက္ခာဖူလုံရေးနှင့် တစ်သီးစိုက်မှ နှစ်သီး၊ သုံးသီး တိုးတက်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း(အနောက်ခြမ်း)တွင် တစ်သီးစိုက် ဧကများအား ကျေးရွာအုပ်စုအလိုက် Google Map ဖြင့် မြေပုံရေးဆွဲ၍ စိုက်ပျိုးရေရရှိရေးအား နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်ပေးမှသာ (၂)သီးစိုက်နှင့်(၃)သီးစိုက်ဧကများ တိုးတက်လာမှာဖြစ်ကြောင်း၊ တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ တို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်သလို မျိုးကောင်းမျိုးသန့်ရရှိရေး၊ စနစ်ကျလယ်ယာမြေများဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်စေ ရေးတို့ကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် မိရိုးဖလာ စိုက်ပျိုးနေမှုအား ပြောင်းလဲစိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းများအပြင် မြေပြင်ကွင်းဆင်း၍ စံပြစိုက်ခင်းများ စိုက်ပျိုးပြသပေးသွားရမှာဖြစ်ကြောင်း၊ တောင်သူများအတွက် ပြည်ပဈေးကွက်ဝင်ရှိပြီး သက်တမ်းတို အထွက်နှုန်းကောင်းသည့် စပါးမျိုးများ မြေပဲစိုက်တောင်သူများအတွက် အထွက်နှုန်းကောင်းသော မြေပဲမျိုးများ အဓိကပြောင်းလဲ စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ မိုးရေချိန်နည်းသည့် ဒေသများတွင် ရေအနည်းလို စပါးမျိုးများ၊ ရေငန်ဝင်ရောက်သည့် ဒေသများတွင် ရေငန်ဒဏ်ခံစပါးမျိုးများ ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် နှစ်စဉ် ကြဲခင်းစနစ်များအား လျော့ချ၍ အစေ့ချစနစ်၊ ပျိုးထောင်စနစ်များဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းစိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီဖူလုံ မှုပိုလျှံစေရေး နေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ပုဂ္ဂလိကပျားမွေးမြူသူများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် အသားကဏ္ဍဖူလုံပိုလျှံမှုရှိစေရေး နှစ်အလိုက် လျာထားချက်များအပေါ် အမှန်တကယ်အကောင်အထည်ဖော် မွေးမြူဆောင်ရွက်သွားရမှာဖြစ်ပြီး စာရင်း ဇယားအချက်အလက်များ မှန်ကန်မှုရှိစေရေး အလွန်အရေးကြီးကြောင်း၊ တောင်သူလယ်သမားများ၏ လူမှု စီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSMEs လုပ်ငန်းများအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် အားလုံးပူးပေါင်းကြိုးစား ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ခရိုင်အလိုက် စားရေရိက္ခာဖူလုံရေးနှင့် တစ်သီးစိုက်မှ နှစ်သီး၊ သုံးသီး တိုးတက်စိုက်ပျိုးနိုင်ရေး လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့ရာ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့ရှိ ထွန်းအမှတ်တံဆိပ်ပါ ရွှေကျွန်းကြီးပဲလှော်ဖိုသို့ ရောက်ရှိခဲ့ပြီး ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်နိုင်ရေး၊ FDA ထောက်ခံချက်ရရှိရေး၊ နည်းပညာနှင့် Packaging စက်ပစ္စည်းရရှိရေး၊ ချေးငွေရရှိရေးတို့အား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သာယာဝတီမြို့တွင် မြန်မာနိုင်ငံအနှံ့အပြားသို့ Gasifire (စွန့်ပစ်စပါးခွံသုံး လျှစ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်) ကိုယ်တိုင်ထုတ်လုပ် ရောင်းချလျက်ရှိသည့် ဦးတင်စိုး၏ (သန်းမိသားစု) ဆန်စက်နှင့်စက်မှုလက်မှုလုပ်ငန်း အလုပ်ရုံသို့ သွားရောက်ခဲ့ပြီး စပါးအခြောက်ခံစက်နှင့် Gasifire ထုတ်လုပ် နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး Gasifire ဖြင့် တန်(၆၀)ကျ ဆန်စက်လည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သတင်းရရှိသည်။